Thursday, June 9, 2022

တူရကီနှင့် ဗင်နီဇွဲလားသမ္မတတို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကတိပြုပြောကြားခဲ့ခြင်း

 

Xinhua; Jun-9 (Thu)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို (Nicolas Maduro) နှင့် တူရကီနိုင်ငံ၏မြို့တော် အန်ကာရာ (Ankara) ၌ ဇွန်လ ၈ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ကတိပြုခဲ့ကြကြောင်း Xinhua သတင်း ဌာနက ဇွန်လ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ကုန်သွယ်ရေးကဏ္ဍ၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံစီးပွားရေး ကဏ္ဍသည် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်များအတွက် အခွင့်အလမ်းများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

              နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၈၅၀ အထိ တိုးတက်ရရှိလာခဲ့ပြီး ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်းနှင့် လာမည့်နှစ်များတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း အာဒိုဂန်က ပြောကြား ခဲ့ပါသည်။ ဗင်နီဇွဲလားနိုင်ငံ၌ ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားနေချိန်တွင် တူရကီနိုင်ငံ၏ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း သမ္မတ မာဒူရိုက ပြောကြားပါသည်။ ထို့ပြင် တူရကီရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဗင်နီဇွဲလား၏ ခရီးသွားလုပ်ငန်း၊ သတ္တုတွင်း၊ စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ ရေနံ၊ ရွှေနှင့် ကျောက်မီးသွေး လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့ပြီး ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာအာမခံချက်များကို အခိုင်အမာပေးအပ်သွားမည်ဖြစ်ကြောင်း မာဒူရိုက ဆက်လက်ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားရှိသော်လည်း တူရကီနိုင်ငံအနေဖြင့် ဗင်နီဇွဲလားနှင့် ကုန်သွယ်မှု ကဏ္ဍတွင် ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment