Daily Sabah;Jun-7(Tue)
ဂရိနိုင်ငံအနေဖြင့် အေဂျီယန်ပင်လယ်ရှိကျွန်းစုများ၌ စစ်ရေးအင်အားတိုးချဲ့ ခြင်းသည် ကာလကြာရှည်စွာသဘောတူညီခဲ့သည့် နိုင်ငံတကာသဘောတူစာချုပ်များ ကိုချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျွန်းစုများကို စစ်မဲ့ဇုန်အဖြစ်ထားရှိရန် ပျက်ကွက်ခဲ့ပါက ဂရိနိုင်ငံ၏အချုပ်အခြာအာဏာအား မေးခွန်းထုတ်ရလိမ့်မည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗလက်ကာဗူဆိုဂလူ (Melvet Cavusoglu) က ဇွန်လ ၇ ရက်တွင် သတိပေးပြောကြားခဲ့ပါသည်။
သုံးသပ်ချက်
တူရကီသည် ၁၉၂၃ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် လောင်ဆန်နီသဘောတူစာချုပ် (Lausanne Treaty) နှင့် ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပဲရစ်သဘောတူညီချက် (Paris Treaty) များအရ အေဂျီယန်ကျွန်းများကို စစ်မဲ့ဇုန်အဖြစ်ထားရှိရန် ဂရိလက်သို့လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစာချုပ်ပါအချက်များအရ ၎င်းကျွန်းများပေါ်၌ မည်သည့် တပ်ဖွဲ့ဝင်၊ သို့မဟုတ် လက်နက်များ၏ တပ်ဖြန့်ချထားမှုမျိုးကိုမဆို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါသည်။ သို့သော်လည်း ဂရိနိုင်ငံသည် ၎င်းသဘောတူညီချက်ပါအချက် များကိုချိုးဖောက်ကာ အေဂျီယန်ကျွန်းများတွင် စစ်ရေးအရတည်ရှိစေရန် ဆောင်ရွက် လျက်ရှိပါသည်။ ဂရိနိုင်ငံအနေဖြင့် အေဂျီယန်ပင်လယ်ရှိ ကျွန်းစုများ၌ စစ်ရေးအင်အား တိုးချဲ့လာခြင်းသည် ကာလကြာရှည်စွာသဘောတူညီခဲ့သည့် နိုင်ငံတကာသဘောတူစာချုပ် များကို ချိုးဖောက်ခြင်းဖြစ်ကာ အဆိုပါကျွန်းစုများကို စစ်မဲ့ဇုန်အဖြစ်ထားရှိရန်ပျက်ကွက် ခဲ့ခြင်းဖြစ်သောကြောင့် ဂရိနိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းလည်း တူရကီနိုင်ငံဘက်က သတိပေးပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ဂရိနိုင်ငံ၏ စစ်ရေးတည်ဆောက်မှုနှင့်ပတ်သက်၍ တူရကီနိုင်ငံသည် ကုလသမဂ္ဂထံ စာနှစ်စောင်ပေးပို့၍ ဖြေရှင်းပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂအနေဖြင့် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ခြင်းမရှိသေးသည့်အတွက် ဂရိ၏ဆောင်ရွက်ချက် များမှာ ပိုမိုဆိုးရွားလာနေခြင်းဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြ ပြောဆိုထားပါသည်။ တူရကီနှင့် ဂရိနိုင်ငံတို့သည် အရှေ့မြေထဲပင်လယ်အရေး၊ ကမ်းလွန် ရေကြောင်းနယ်နိမိတ်၊ လေကြောင်းပိုင်နက်၊ စွမ်းအင်၊ ဆိုက်ပရပ်စ်အရေးအပါအဝင် ပြဿနာများစွာ၌ ဆန့်ကျင်ဘက်ရပ်တည်ကြသည့်နိုင်ငံများဖြစ်ခြင်းကြောင့် လတ်တလော ဖြစ်ပေါ်နေသည့် ကိစ္စရပ်များသည်လည်း ရှိရင်းစွဲတင်းမာမှုများကို ပိုမိုဆိုးရွာလာစေ နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment