Saturday, June 11, 2022

NATO အဖွဲ့ဝင်သစ်လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ တူရကီနိုင်ငံ၏ စိုးရိမ်ပူပန်မှုများသည် တရားနည်းလမ်းကျကြောင်း NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ခြင်း

TheNationalNews; Jun-12(Sun)

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်လျှောက်ထားမှုကို ကန့်ကွက်လျက်ရှိသော တူရကီ နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများသည် တရားနည်းလမ်းကျကြောင်း NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျင်စ်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ဖင်လန် သမ္မတ ဆော်လီနီနီစတို (Sauli Niinisto) နှင့် ဖင်လန်သမ္မတရုံး၌ ဇွန်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ NATO အဖွဲ့ဝင် နိုင်ငံများတွင် တူရကီနိုင်ငံထက် အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသော နိုင်ငံ မရှိကြောင်းနှင့် NATO အဖွဲ့အနေဖြင့် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers' Party-PKK) အကြမ်းဖက်အဖွဲ့နှင့်စပ်လျဉ်းသည့် တူရကီ၏စိုးရိမ်မှုများအပါအဝင် အခြား အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကိုလည်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း စတိုတန်ဘာ့ဂ်က ထည့်သွင်းပြောကြားခဲ့ပါသည်။ 
တူရကီသည် အရှေ့အလယ်နှင့် ဥရောပဒေသအကြား ပင်လယ်နက်တွင် တည်ရှိသောကြောင့် NATO အဖွဲ့အတွက် မဟာဗျူဟာအရ အရေးပါသောနိုင်ငံဖြစ်ကြောင်း နှင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အား NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် တူရကီနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စတိုတန်ဘာ့ဂ်က ပြောကြားခဲ့ပါသည်။ စတိုတန်ဘာ့ဂ်သည် ဖင်လန်နိုင်ငံ၊ သမ္မတရုံး၌ ဖင်လန်နှင့် နော်ဒစ်နိုင်ငံရေးသမားများ၊ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူများ၊ စစ်ဘက် ကိုယ်စားလှယ်များနှင့် နှစ်စဉ်ပြုလုပ်သည့် ဆွေးနွေးပွဲကိုလည်း တက်ရောက် ခဲ့ပါသည်။ စတိုတန်ဘာ့ဂ်သည် ဆွီဒင်ဝန်ကြီးချုပ် မက်ဂ်ဒါလီနာအန်ဒါဆန် (Magdalena Andersson) နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဆွီဒင်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment