Monday, June 27, 2022

ဖင်လန်နှင့် ဆွီဒင်တို့၏ NATO အဖွဲ့ဝင်အဖြစ်ကြိုးပမ်းမှုတွင် တူရကီက ဗီတိုအာဏာ အသုံးပြုနေမှုအား ဖယ်ရှားပေးရန် NATO ခေါင်းဆောင်များက တိုက်တွန်းသွားမည်ဆိုခြင်း

 

Reuters; Jun-27 (Mon)

              ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ကြိုးပမ်းမှုအပေါ် တူရကီနိုင်ငံအနေဖြင့် ဗီတိုအာဏာအသုံးပြုနေမှုအား ဖယ်ရှားပေးရန်အတွက် NATO ခေါင်းဆောင်များသည် NATO ထိပ်သီးအစည်းအဝေးတွင် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) အား တိုက်တွန်းသွားမည်ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ NATO ထိပ်သီးဆွေးနွေးပွဲအား စပိန်နိုင်ငံ၊ မဒ်ဒရစ်မြို့၌ ဇွန်လ ၂၈ ရက်မှ ၃၀ ရက်ထိ ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ သည်။ NATO အဖွဲ့ဝင်နိုင်ငံများအကြား ဖြစ်ပေါ်လျက်ရှိသည့် သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်၊ ယူကရိန်းအား စစ်ရေးအကူအညီများ ပိုမိုပံ့ပိုးပေးရန်၊ ပူးတွဲကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန်၊ တရုတ်၏ စစ်ရေးအင်အားမြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ခိုင်မာသည့်ဆုံးဖြတ်ချက်အသစ်များ ချမှတ်သွားရန်နှင့် ဘောလ်တစ်ဒေသကိုကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင်များ ထပ်မံထားရှိရန်တို့အား အဆိုပါဆွေးနွေးပွဲအတွင်း သဘောတူညီချက်ရရှိရန် မျှော်မှန်းထားပါသည်။ ထို့ပြင် အာဖရိကတိုက်တောင်ပိုင်းစွန်းရှိ ဆာဟယ် (Sahel) ဒေသ၌ ဖြစ်ပေါ်နေသည့် ရွှေ့ပြောင်း အခြေချနေထိုင်မှုနှင့် စစ်သွေးကြွအုပ်စုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် NATO တပ်ဖွဲ့ များကို ၎င်းဒေသသို့ တိုးမြှင့်တပ်ဖြန့်သွားရန်ကိုလည်း စပိန်နိုင်ငံက တိုက်တွန်းမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

              ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှခေါင်းဆောင်များ သည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ၏ စစ်ရေးဩဇာကြီးထွားလာမှုကို တုံ့ပြန်ရန် အတွက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးအခိုင်အမာတည်ရှိမှုကို ပြသရန် ၎င်းထိပ်သီး အစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းသို့ တက်ရောက်သွားမည်ဟု အမေရိကန်နိုင်ငံက မျှော်မှန်း ထားပါသည်။ ရုရှားနိုင်ငံအနေဖြင့် NATO နယ်မြေများကိုသိမ်းပိုက်ရန် ကြိုးပမ်းလာပါက လစ်သူရေးနီးယားနိုင်ငံကိုကာကွယ်ရန် တပ်ဖွဲ့ဝင်များ တိုးမြှင့်တပ်ဖြန့်ချထားမည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံကပြောကြားခဲ့ပြီး ဗြိတိန်သည်လည်း အက်စတိုးနီးယားအတွက် အလားတူလုပ်ဆောင်သွားမည်ဖြစ်ကာ လတ်ဗီးယားနိုင်ငံအတွက် တပ်ဖွဲ့ဝင်များ ဖြည့်တင်း ပေးသွားမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံက ကတိပြုပြောကြားထားပါသည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) သည် NATO ထိပ်သီးအစည်းအဝေး၏ ဆက်စပ် အစည်းအဝေးတွင် အာဒိုဂန်နှင့်တွေ့ဆုံ၍ ဖင်လန်နှင့် ဆွီဒင်တို့၏ NATO အဖွဲ့ဝင်ဖြစ်မှု တိုးတက်စေရေးအတွက် တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment