Yahoo;Jun-28(Tue)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကျင်းပပြုလုပ်သည့် NATO ထိပ်သီးဆွေးနွေးပွဲ အခမ်းအနား အတွင်း နော်ဒစ်နိုင်ငံများဖြစ်သည့် ဖင်လန်၊ ဆွီဒင်တို့၏ ခေါင်းဆောင်များနှင့် ဇွန်လ ၂၈ ရက်တွင် အကြိတ်အနယ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် NATO အဖွဲ့တွင် ပါဝင်ရန် ဆန့်ကျင်နေမှုအား ရုပ်သိမ်းလိုက်ကြောင်း Yahoo သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကို တုံ့ပြန်သည့်အနေဖြင့် နော်ဒစ် ၂ နိုင်ငံ၏ NATO အဖွဲ့သို့ဝင်ရောက်ရန် လျှောက်လွှာတင်သွင်းမှုများကို လက်ခံပေးနိုင်ရေးအတွက် NATO မဟာမိတ်နိုင်ငံများက တောင်းဆိုခဲ့သော်လည်း အစပိုင်းတွင်မူ တူရကီနိုင်ငံက ငြင်းဆန်ခဲ့ပါသည်။ နော်ဒစ်နိုင်ငံများဖြစ်သည့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် တူရကီ နိုင်ငံက ဆယ်စုနှစ်များစွာကြာတိုက်ခိုက်နေသော ကာ့ဒ်စစ်သွေးကြွများအတွက် ဘေးကင်း လုံခြုံရာနေရာတစ်ခုကို ဖန်တီးပေးထားကြောင်းလည်း တူရကီက စွပ်စွဲပြောကြားမှုများ ပြုလုပ်လျက်ရှိပါသည်။
NATO အဖွဲ့သို့ အဖွဲ့ဝင်သစ်အဖြစ်ဝင်ရောက်ရန် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ရရှိရမည်ဆိုသည့်အချက်အား လက်ကိုင်ပြု၍ တူရကီက NATO အဖွဲ့ဝင် အဖြစ်ပါဝင်မည့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်သော်လည်း တူရကီသမ္မတရုံးသည် အဆိုပါနိုင်ငံများ၏ NATO အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မှုအား သဘောတူကြောင်း ဇွန်လ ၂၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် တူရကီနိုင်ငံက ဆီးရီးယားနိုင်ငံသို့ စစ်ရေးကျူးကျော်မှုဖြစ်စဉ်ကို တုံ့ပြန်သည့်အနေဖြင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် တူရကီနိုင်ငံသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ခဲ့သည့် အရေးယူပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းရန်လည်း သဘောတူညီခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရန် တူရကီနိုင်ငံကထောက်ခံသည့် စာချွန်လွှာ တစ်ရပ်ကို ၎င်းတို့ ၃ နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း ဖင်လန်သမ္မတရုံး ကလည်း ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်တွင် လက်နက်တင်ပို့မှုနှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ခြင်းအပါအဝင် တူရကီ၏စိုးရိမ်မှုများကို ဖြေရှင်းပေးရမည်ဟူသော အချက်များပါဝင်ကြောင်းနှင့် ဗြိတိန်နိုင်ငံအပါအဝင် NATO မဟာမိတ်နိုင်ငံများကလည်း ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment