Tuesday, July 19, 2022
အီရန်၊ ရုရှားနှင့် တူကီယဲသမ္မတတို့သည် သတ္တမကြိမ်မြောက် Astana ထိပ်သီးအစည်းအဝေးကိုပြုလုပ်ခဲ့ခြင်း
LaPrensaLatina;Jul-19(Tue)
အီရန်သမ္မတ အီဘရာဟင်ရိုင်စီ (Ebrahim Raisi)၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဇူလိုင်လ ၁၉ ရက်တွင် အီရန်နိုင်ငံ၊ မြို့တော်တီဟီရန် (Tehran) ၌ သတ္တမကြိမ်မြောက် အက်စ်တာနာ (Astana) ထိပ်သီးအစည်းအဝေးကို ပြုလုပ်ခဲ့ကြ ပါသည်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွအဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှု များထပ်မံပြုလုပ်ရန် တူကီယဲနိုင်ငံက ကြိုးပမ်းလုပ်ဆောင်နေချိန်တွင် အဆိုပါထိပ်သီး အစည်းအဝေး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ဆီးရီးယားနိုင်ငံအရေးနှင့်စပ်လျဉ်း၍ အီရန်နိုင်ငံ၏ရပ်တည်ချက်မှာ ၎င်းနိုင်ငံအရေးကို ပြင်ပနိုင်ငံများ ကြားဝင်စွက်ဖက်မှု မရှိဘဲ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရေးနှင့် ဆီးရီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရေးတို့ဖြစ်ကြောင်း ၎င်းထိပ်သီးအစည်းအဝေးတွင် သမ္မတ ရိုင်စီက ပြောကြားခဲ့ပါသည်။
သမ္မတ ပူတင်ကလည်း ၎င်းတို့ ၃ နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဆီးရီးယား နိုင်ငံအခြေအနေကို ပုံမှန်ဖြစ်စေရန်အထောက်အပံ့ဖြစ်စေကြောင်းနှင့် နိုင်ငံပြန်လည် တည်ဆောက်ရေးကြိုးပမ်းလျက်ရှိသော ဆီးရီးယားပြည်သူများကိုလည်း အကူအညီ များပေးအပ်သွားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ အထက်ပါ ထိပ်သီးအစည်းအဝေး အတွင်း သမ္မတ ရိုင်စီနှင့် သမ္မတ ပူတင်တို့သည် ဆီးရီးယားနိုင်ငံ၏နယ်မြေတည်တံ့ ခိုင်မြဲမှုကိုလေးစားရန်နှင့် ဆီးရီးယားအရေးအား နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။ သမ္မတ အာဒိုဂန်ကမူ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များသည် တူကီယဲနိုင်ငံ၏ နယ်မြေစိုးမိုးမှုကို ခြိမ်းခြောက် လျက်ရှိသောကြောင့် ၎င်းအကြမ်းဖက်အဖွဲ့များကို အပြီးတိုင်သုတ်သင်ရှင်းလင်းရမည် ဖြစ်ကြောင်းနှင့် အဆိုပါအကြမ်းဖက်အဖွဲ့များအနေဖြင့် တူကီယဲနယ်စပ်မှ အနည်းဆုံး ၃၀ ကီလိုမီတာ အကွာအဝေးတွင်ရှိသင့်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါထိပ်သီး အစည်းအဝေးတွင် အထက်ပါ ၃ နိုင်ငံတို့သည် ဆီးရီးယားအရေးနှင့်စပ်လျဉ်း၍ အက်စ်တာနာအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
၂၀၁၁ ခုနှစ်၊ မတ်လတွင် စတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှားနှင့် အီရန်နိုင်ငံတို့သည် လက်ရှိဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al Assad) အစိုးရဘက်မှ ရပ်တည်ပေးလျက်ရှိပြီး တူကီယဲနိုင်ငံနှင့် အနောက် နိုင်ငံအချို့သည် အတိုက်အခံလက်နက်ကိုင်တပ်ဖွဲ့များကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ အဆိုပါဆီးရီးယားအရေးကိစ္စအား ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းနိုင်ရေးအတွက် ရုရှား၊ အီရန်နှင့် တူကီယဲနိုင်ငံတို့သည် ၂၀၁၇ ခုနှစ်မှစ၍ အက်စ်တာနာငြိမ်းချမ်းရေး အစီအစဉ် (Astana Platform) ကိုဖော်ဆောင်ကာ ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပါသည်။ ပြီးခဲ့သည့်လတွင် တူကီယဲနိုင်ငံက ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွအဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှုများထပ်မံပြုလုပ်ရန် ကြေညာခဲ့ပြီးနောက် ထိုသို့တိုက်ခိုက်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိနေချိန်တွင် သတ္တမကြိမ်မြောက် အက်စ်တာနာထိပ်သီး အစည်းအဝေးကို အီရန်နိုင်ငံ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် ရုရှားနှင့် အီရန်နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုကိုလေးစားရန် သဘောတူညီခဲ့ကြပြီး ဆီးရီးယားဘက်မှ ဆက်လက်ရပ်တည်ပေးခဲ့ကြောင်း တွေ့ရှိရ ပါသည်။ တစ်ဖက်တွင်မူ တူကီယဲနိုင်ငံသည် ရုရှားနှင့် အီရန်တို့၏အလိုကို ဆန့်ကျင်ကာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေး အတွက် အလေးပေးဆွေးနွေးခဲ့ကြောင်း တွေ့ရှိရပါသည်။ အဆိုပါထိပ်သီးအစည်းအဝေး အတွင်း ၎င်း ၃ နိုင်ငံတို့သည် အရေးပါသောဘုံသဘောတူညီချက်ရရှိခြင်းမရှိဘဲ ဆီးရီးယား အရေးနှင့်စပ်လျဉ်း၍ အက်စ်တာနာအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြောင်းသာ တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဆီးရီးယားအရေးနှင့်စပ်လျဉ်း၍ ရုရှား၊ အီရန်နှင့် တူကီယဲနိုင်ငံတို့အကြား သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကာ ၎င်းအရေးအား နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးမှာ အလှမ်းဝေးကွာနေဦးမည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment