Saturday, July 2, 2022

တူရကီနှင့် အာမေးနီးယားနိုင်ငံတို့သည် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်သွားရန် သဘောတူညီခဲ့ခြင်း

 

Xinhua; Jul-2 (Sat)

              တူရကီနှင့် အာမေးနီးယားနိုင်ငံတို့သည် နှစ်နိုင်ငံပုံမှန်ဆက်ဆံရေး ပြန်လည် တည်ဆောက်ခြင်းဆိုင်ရာ ခြေလှမ်းသစ်များလုပ်ဆောင်သွားရန် ဇူလိုင်လ ၁ ရက်တွင် သဘောတူခဲ့ကြကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းဌာနက ဇူလိုင်လ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီမှုသည် နှစ်နိုင်ငံအထူးကိုယ်စားလှယ်များအကြား (၄) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တတိယနိုင်ငံသားများအနေဖြင့် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းအသုံးပြုပြီး ၎င်းတို့နိုင်ငံများအတွင်းသို့ ဝင်ရောက်လည်ပတ်ခွင့်နှင့်စပ်လျဉ်း၍ အဆောလျင်ဆုံး ရက်သတ်မှတ်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြခဲ့ပါသည်။ တူရကီသံတမန် ဆားဒါကီလစ် (Serdar Kilic) နှင့် အာမေးနီးယား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရူဘန်ရူဘင်ယန် (Ruben Rubinyan) တို့ တက်ရောက်ခဲ့သော အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား လေကြောင်းမှတစ်ဆင့် တိုက်ရိုက်ကုန်သွယ်မှုများစတင်ရန်လည်း သဘောတူညီခဲ့ကြပါသည်။

              ထို့ပြင် ကိုယ်စားလှယ်များသည် နှစ်နိုင်ငံနဂိုပုံမှန်ဆက်ဆံရေးအား အပြည့်အဝ တည်ဆောက်နိုင်ရေးအန္တိမရည်မှန်းချက်အတွက် ခိုင်မာအားကောင်းစေမည့် အခြားသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ တူရကီနှင့် အာမေးနီးယားနိုင်ငံတို့အကြား စင်းလုံးငှားလေယာဉ်ပျံသန်းမှုကို ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ပြန်လည်စတင်ခဲ့ပြီး နှစ်နိုင်ငံပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန်နှင့်ပတ်သက်၍လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများက တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းစဉ်သည် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်များဖွင့်လှစ်ခြင်းနှင့် သံတမန်ဆက်ဆံရေး ထူထောင်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ တူရကီနှင့် အာမေးနီးယား ဆက်ဆံရေးသည် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အကြား နာဂေါ်နို-ကာရာဘတ် ဒေသ အငြင်းပွားမှုနှင့်စပ်လျဉ်း၍ ပထမအကြိမ်စစ်ပွဲဖြစ်ပွားချိန် ၁၉၉၃ ခုနှစ်မှစ၍ ဆိုးရွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment