Anadolu Agency; Jul-5 (Tue)
တူရကီနှင့် အီတလီနိုင်ငံတို့သည် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစွာလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်းနှင့် နှစ်နိုင်ငံ အကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်းသည် အပြန်အလှန်အကျိုး စီးပွားကို ဖော်ဆောင်ခြင်းပင်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၅ ရက်တွင် ပြောကြားခဲ့ပါသည်။ အီတလီ ဝန်ကြီးချုပ် မာရီယိုဒရာဂီ (Mario Draghi) နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ၌ ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် အာဒိုဂန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ အကြား SAMP/T အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်စီမံကိန်းအတွက် သဘော တူညီချက်တစ်ရပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း ဂရိနိုင်ငံသည် ရွှေ့ပြောင်းအခြေချနေထိုင်သူများကို ၎င်း၏နယ်စပ်မှထွက်ခွာရန် တွန်းအားပေးမှုသည် ဥရောပသမဂ္ဂကို ခြိမ်းခြောက်မှုထက် အီတလီနိုင်ငံကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်းလည်း အာဒိုဂန်က ဆက်လက်ပြောကြား ခဲ့ပါသည်။
အီတလီနိုင်ငံအနေဖြင့် ၎င်းကြုံတွေ့နေရသည့် ဒုက္ခသည်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် တူရကီနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု များလုပ်ဆောင်လျက်ရှိကြောင်း ဒရာဂီက အဆိုပါတွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း အာဒိုဂန်နှင့် ဒရာဂီတို့သည် တူရကီ-ဥရောပသမဂ္ဂဆက်ဆံရေး၊ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် ၎င်းတွေ့ဆုံမှုအတွင်း ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်သွားရန်နှင့် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းနိုင်ငံ၏ ဂျုံများတင်ပို့မှုအတွက် ကုလသမဂ္ဂအစီအစဉ် နှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း အာဒိုဂန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအတွင်း အာဒိုဂန်နှင့် ဒရာဂီတို့သည် ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ သံတမန်ရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍများအပါအဝင် ကဏ္ဍ ပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်သည့် သဘောတူ စာချုပ် ၉ ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment