Daily Sabah;Jul-13(Wed)
ယူကရိန်းကောက်ပဲသီးနှံများတင်ပို့နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးစင်တာကို တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ တည်ထောင်ရန်မျှော်မှန်းထားကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဇူလိုင်လ ၁၃ ရက်တွင် ပြောကြားခဲ့ပါသည်။ ဝန်ကြီး အကာသည် ဇူလိုင်လ ၁၃ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ရုရှား၊ ယူကရိန်း၊ တူကီယဲနှင့် ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့တို့အကြား ၄ ပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ်ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းရေးစင်တာထူထောင်ရေး၊ ဆိပ်ကမ်းများတွင် ကောက်ပဲသီးနှံများကိုပူးတွဲစစ်ဆေးရေးနှင့် သယ်ယူပို့ဆောင်မည့် ရေယာဉ်များ၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးရေးတို့နှင့်စပ်လျဉ်း၍ သဘော တူညီချက်တစ်ရပ်ရရှိခဲ့ကြောင်းလည်း ဝန်ကြီး အကာက ထည့်သွင်းပြောကြားခဲ့ပါသည်။
တူကီယဲ၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်များသည် လာမည့် သီတင်းပတ်တွင် ထပ်မံတွေ့ဆုံကာ အထက်ပါသဘောတူညီချက်အား လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီး အကာက ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres) ကလည်း ယူကရိန်း ကောက်ပဲသီးနှံများတင်ပို့ရေးဆိုင်ရာသဘောတူညီချက်အပေါ် ချီးကျူးပြောကြားခဲ့သည့် အပြင် လာမည့်သီတင်းပတ်တွင် နောက်ဆုံးသဘောတူညီချက်ရရှိရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ် နေသည့် နေကြာဆီအားလုံး၏ ထက်ဝက်ကျော်ကို တင်ပို့သည့်နိုင်ငံဖြစ်သည့်အပြင် စပါးနှင့် ပြောင်းကဲ့သို့သော သီးနှံများကို အဓိကတင်ပို့နေသည့်နိုင်ငံလည်းဖြစ်ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ယူကရိန်းနိုင်ငံအတွင်းတွင် ကောက်ပဲသီးနှံ တန်ချိန် ၂၂ သန်းခန့် ပိတ်မိနေကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ယူကရိန်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသည့် နေကြာဆီအားလုံး၏ ထက်ဝက်ကျော်ကို တင်ပို့သည့်နိုင်ငံဖြစ်သည့်အပြင် ဂျုံ၊ စပါးနှင့် ပြောင်းကဲ့သို့သော ကောက်ပဲသီးနှံများကို အဓိကတင်ပို့သောနိုင်ငံလည်းဖြစ်ပါသည်။ သို့သော် လက်ရှိဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ယူကရိန်းနိုင်ငံ အတွင်း ကောက်ပဲသီးနှံ တန်ချိန် ၂၂ သန်းခန့် ပိတ်မိနေကြောင်း သိရှိရပါသည်။ ထိုသို့ ပိတ်မိနေမှုနှင့်အတူ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခမှ ရိုက်ခတ်လာသောအကျိုးဆက် များကြောင့် တူကီယဲနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် စားနပ်ရိက္ခာအကျပ်အတည်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် ရုရှား၊ ယူကရိန်းနိုင်ငံတို့နှင့် ဆက်ဆံရေးကောင်းမွန် သည့် တူကီယဲနိုင်ငံသည် ယူကရိန်းနိုင်ငံအတွင်း ပိတ်မိနေသောကောက်ပဲသီးနှံများကို ပင်လယ်နက်မှတစ်ဆင့် ပြင်ပနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် ရုရှား၊ ယူကရိန်း၊ တူကီယဲနှင့် ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့တို့ပါဝင်သည့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို ဇူလိုင်လ ၁၃ ရက်တွင် အစ္စတန်ဘူလ်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ယူကရိန်းကောက်ပဲသီးနှံများတင်ပို့နိုင်မှုအတွက် သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းရေးစင်တာထူထောင်ရေး၊ ဆိပ်ကမ်းများတွင် ကောက်ပဲသီးနှံများကို ပူးတွဲစစ်ဆေးထိန်းသိမ်းရေးနှင့် ကောက်ပဲသီးနှံများသယ်ယူ ပို့ဆောင်မည့်ရေယာဉ်များ၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးရေးများနှင့်စပ်လျဉ်း၍ သဘောတူညီချက်တစ်ရပ်ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ၎င်းသဘောတူညီချက်မှ တစ်ဆင့် ယူကရိန်းကောက်ပဲသီးနှံများကို ပြင်ပနိုင်ငံများသို့တင်ပို့နိုင်မည်ဆိုပါက လက်ရှိ ဖြစ်ပွားလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းကို အထိုက်အလျောက် ဖြေရှင်းနိုင်မည့်အပြင် ယူကရိန်းနိုင်ငံ၏ ယိုယွင်းနေသောစီးပွားရေးကိုလည်း များစွာ အထောက်အပံ့ဖြစ်စေနိုင်ပါသည်။ တူကီယဲနိုင်ငံအနေဖြင့်လည်း အဆိုပါအရေးကို ကြားဝင်ဖြေရှင်းဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာ့အလယ်တွင် ၎င်း၏နိုင်ငံရေးဩဇာကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment