Thursday, August 25, 2022

ယူကရိန်းအတွက် ဘဏ္ဍာရေးအကူအညီများထပ်မံပေးအပ်ရန် ဥရောပသမဂ္ဂက စီစဉ်လျက်ရှိခြင်း

ANI;Aug-25(Thu)

ဥရောပသမဂ္ဂသည် လက်ရှိအချိန်အထိ ယူကရိန်းနိုင်ငံထံသို့ ဘဏ္ဍာရေးအကူအညီ ယူရို ၉.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံ) ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယူရို ၈ ဘီလီယံတန်ဖိုးရှိသော ဘဏ္ဍာရေးအကူအညီများကို ထပ်မံပေးအပ်ရန် ပြင်ဆင် လျက်ရှိကြောင်း ဥရောပသမဂ္ဂနိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် (Josep Borrell) က ဩဂုတ်လ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု ANI သတင်းဌာနက ဩဂုတ်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဉရောပသမဂ္ဂအနေဖြင့် ယူကရိန်းနိုင်ငံ၏ ကြွေးမြီလျှော့ချနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ များနှင့် အကြီးစားဘဏ္ဍာရေးဆိုင်ရာအကူအညီများ ပေးအပ်လျက်ရှိပါသည်။ ဥရောပသမဂ္ဂက ပေးအပ်သည့် ဘဏ္ဍာရေးအကူအညီများတွင် ကဏ္ဍအသီးသီးအတွက် လွှမ်းခြုံပါဝင်လျက် ရှိပါသည်။

အဆိုပါအကူအညီများအနက် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးအကူအညီအတွက် ယူရို ၂.၅ ဘီလီယံ၊ အကြီးစားဘဏ္ဍာရေးအကူအညီ ၂.၂ ဘီလီယံ၊ ဘတ်ဂျက်ထောက်ပံ့မှု သန်း ၆၂၀ ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ ၃၃၅ သန်း၊ ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက် အရေးပေါ်အကူအညီအစီအစဉ်အပါအဝင် ကျန်းမာရေးနှင့် အခြေခံအဆောက်အဦ စသည့်ကဏ္ဍများအတွက် သန်း ၃၃၀ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် နိုင်ငံပိုင်ကုမ္ပဏီများအား အရေးပေါ်ဘဏ္ဍာရေးထောက်ပံ့ရန်အတွက် ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်မှ ချေးငွေယူရို ၁.၅ ဘီလီယံနှင့် ယူရို ၆၆၈ သန်း အသီးသီးခွဲဝေ ပေးခဲ့သည့်အပြင် ဒုက္ခသည်များအားထောက်ပံ့ရန်အတွက် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဥရောပဘဏ်မှ ချေးငွေ ယူရို ၁ ဘီလီယံ ခွဲဝေပေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment