Sputnik;Aug-19(Fri)
တူကီယဲနှင့် ရုရှားနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ် များအရ ရုရှားနိုင်ငံသည် တူကီယဲနိုင်ငံသို့ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် ဒုတိယအသုတ်ပေးပို့ရေးလုပ်ငန်းစဉ်များကို စတင်ခဲ့ကြောင်း ရုရှားစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး (Russian Federal Service for Military-Technical Cooperation-FSMTC) ညွှန်ကြားရေးမှူး ဒီမီထရီရှု့ဂေ့ဗ် (Dmitry Shugaev) က Sputnik သတင်းဌာနသို့ ဩဂုတ်လ ၁၈ ရက်တွင် ပြောကြားခဲ့ပါသည်။ S-400 စနစ်တွင်ပါဝင် သည့် အစိတ်အပိုင်းများကို တူကီယဲနိုင်ငံ၌ ထုတ်လုပ်မှုများအပါအဝင် ဒုတိယအသုတ် ပေးပို့ရေးဆိုင်ရာ စာချုပ်စာတမ်းများကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီးနောက် အထက်ပါအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ တူကီယဲသည် ရုရှား၏ အရေးပါသောမိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား စစ်ရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပါအဝင် ကုန်သွယ်မှု၊ စီးပွားရေးနှင့် နယ်ပယ် များစွာတွင် နီးကပ်သောဆက်ဆံရေးရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။
လက်ရှိဖြစ်ပေါ်နေသည့် ပထဝီဝင်နိုင်ငံရေးအရ အကျပ်အတည်းများဖြစ်နေ သော်လည်း နှစ်နိုင်ငံသမ္မတများအကြား ကနဦးသဘောတူညီချက်များအရ စစ်ရေး နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည် တိုးတက်နေဆဲဖြစ်ကြောင်း ရှု့ဂေ့ဗ်က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံသည် ပွင့်လင်းမြင်သာမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမှုတို့ကိုအခြေခံ၍ တူကီယဲနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် မျှော်မှန်းထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ရုရှားနှင့် တူကီယဲ တို့သည် ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ် ဝယ်ယူရောင်းချရေးဆိုင်ရာ ပထမဆုံးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှားသည် S-400 စနစ် ပထမအသုတ်ကို ၂၀၁၉ ခုနှစ်တွင် တူကီယဲသို့ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment