Monday, September 26, 2022

ဒေါသတကြီး တုံ့ပြန်ပြောဆိုမှုများအစား အနှစ်သာရရှိသောဆွေးနွေးမှုများကိုသာ လုပ်ဆောင်ရန် ဂရိဝန်ကြီးချုပ်က တူကီယဲအားတောင်းဆိုခဲ့ခြင်း

Xinhua; Sep-28 (Wed)

ဂရိနိုင်ငံအနေဖြင့် တူကီယဲ၏ ဒေါသတကြီးတုံ့ပြန်ပြောဆိုသည့် လမ်းကြောင်းများ အတိုင်း လိုက်ပါဆောင်ရွက်ခြင်းပြုမည်မဟုတ်ဘဲ အပြုသဘောဆောင်သည့် လုပ်ဆောင် ချက်များဖြင့် အနှစ်သာရရှိသော တွေ့ဆုံဆွေးနွေးမှုများသာပြုလုပ်ရန် တူကီယဲနိုင်ငံအား တောင်းဆိုကြောင်း ဂရိဝန်ကြီးချုပ် ကာရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က စက်တင်ဘာလ ၂၇ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

တူကီယဲနှင့် ဂရိနိုင်ငံတို့အကြားဆက်ဆံရေးသည် သမိုင်းကြောင်းတစ်လျှောက် တင်းမာမှုများ ဖြစ်ပေါ်နေခြင်းနှင့်အတူ အပြန်အလှန်စွပ်စွဲပြောကြားချက်များလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေပါသည်။ ဂရိနိုင်ငံသည် အေဂျီယံကျွန်းများတွင် အမေရိကန်နိုင်ငံထုတ်သံချပ်ကာယာဉ်များကို တပ်ဖြန့်ချထားခဲ့ရာမှတစ်ဆင့် လတ်တလော အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပြီး ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍လည်း တစ်ဖက်နှင့်တစ်ဖက် ပြစ်တင်ဝေဖန်မှုများရှိနေပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် ဂရိနိုင်ငံသာမက ဥရောပနှင့် NATO ရှိ မဟာမိတ်များအပေါ် လိမ်လည်မှုနှင့် ခြိမ်းခြောက်မှု များကို ထပ်ခါတလဲလဲပြုလုပ်နေသည်ဟုလည်း ဂရိနိုင်ငံဘက်က စွပ်စွဲပြောကြားမှုများ ပြုလုပ်လျက်ရှိပါသည်။ ဂရိနိုင်ငံဘက်ကလည်း တူကီယဲ၏ပြောဆိုချက်သည် တစ်ဖက်သတ် လုပ်ရပ်သာဖြစ်သကဲ့သို့ ဂရိနိုင်ငံအပေါ် ဒေါသတကြီးတုံ့ပြန်ပြောဆိုချက်များ ချမှတ်နေ မည့်အစား အနှစ်သာရရှိသောတွေ့ဆုံဆွေးနွေးမှုများကိုသာ လုပ်ဆောင်သွားသင့်ကြောင်း တူကီယဲနိုင်ငံကို ပြောကြားခဲ့ပါသည်။ တူကီယဲ၏ဆောင်ရွက်ချက်များသည် မည်သို့ပင် ရှိနေစေကာမူ ဂရိနိုင်ငံသည် နိုင်ငံတကာဥပဒေများ၊ စစ်ဘက်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များနှင့် မဟာမိတ်များ၏ပံ့ပိုးကူညီမှုများဖြင့် ရှင်းလင်းပြတ်သားသော ရပ်တည်ချက်များ ချမှတ်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားထားပါသည်။ NATO အဖွဲ့ဝင် နှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိသည့် လတ်တလောဆက်ဆံရေးသည် တင်းမာမှုများကိုသာ ဦးတည်နေသည့်အတွက် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲ ပြောကြားမှုများ ရပ်တန့်၍ အနှစ်သာရရှိသည့်ဆွေးနွေးပွဲများ ပြုလုပ်နိုင်မှသာလျှင် ဖြစ်ပေါ်နေသည့် တင်းမာမှုများကို ဖြေရှင်းလာနိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment