Friday, September 2, 2022

ဂရိနိုင်ငံသည် အေဂျီယံပင်လယ်အတွင်းရှိ စစ်မဲ့ဇုန်ကျွန်းများကို သိမ်းပိုက်ထားကြောင်း တူကီယဲသမ္မတက စွပ်စွဲပြောကြားခဲ့ခြင်း

Reuters; Sep-3(Sat)

ဂရိနိုင်ငံသည် စစ်မဲ့အခြေအနေတွင်ရှိသော အေဂျီယံပင်လယ်အတွင်းရှိကျွန်းများကို သိမ်းပိုက်ထားကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၃ ရက်တွင် စွပ်စွဲပြောကြားခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံအနေဖြင့် အေဂျီယံ ပင်လယ်အတွင်း တူကီယဲတိုက်လေယာဉ်များ ကင်းလှည့်ပျံသန်းရာတွင် ထပ်မံ၍ နှောင့်ယှက်မှုများ ပြုလုပ်ခြင်းနှင့် စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့မည်ဆိုပါက ထိရောက်စွာ လက်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတက သတိပေး ပြောကြားထားပါသည်။ အဆိုပါ အေဂျီယံပင်လယ်ရှိ ကျွန်းများနှင့်စပ်လျဉ်း၍ တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များပေါ်ပေါက်လာပါက လိုအပ် သည်များ ဆောင်ရွက်နိုင်ရန်အတွက် အသင့်ပြင်ဆင်ထားကြောင်းကိုလည်း တူကီယဲ သမ္မတက ထည့်သွင်းပြောကြားထားပါသည်။ ဂရိနိုင်ငံသည် အေဂျီယံပင်လယ်ရှိ ကျွန်းများ အပေါ်တွင် လက်နက်တပ်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တူကီယဲနိုင်ငံက စွပ်စွဲပြောကြားထားသော်လည်း အဆိုပါစွပ်စွဲပြောကြားချက်များအပေါ် ဂရိနိုင်ငံက ငြင်းပယ် ထားရှိပါသည်။

အေဂျီယံပင်လယ်ရှိ ကျွန်းများအား ၁၉၂၃ ခုနှစ်နှင့် ၁၉၄၇ ခုနှစ် သဘောတူ စာချုပ်များအရ ဂရိနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ရသော်လည်း သဘောတူစာချုပ်တွင် ၎င်းကျွန်းများပေါ်၌ စစ်လက်နက်ပစ္စည်းများ တပ်ဆင်ခြင်းမပြုရန် ကတိကဝတ်များ ပါရှိကြောင်း တူကီယဲအစိုးရက ပြောကြားထားပါသည်။ ဂရိနိုင်ငံအနေဖြင့် အဆိုပါ ကျွန်းများပေါ်တွင် စစ်လက်နက်တပ်ဆင်ခြင်းများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ၎င်းကျွန်းများအပေါ် ဂရိနိုင်ငံ၏အချုပ်အခြာအာဏာနှင့်ပတ်သက်၍ မေးခွန်းထုတ်ရန် လိုအပ်လာမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားထားပါသည်။ အေဂျီယံကျွန်းများအပေါ်တွင် ဂရိနိုင်ငံ၏အချုပ်အခြာအာဏာနှင့်ပတ်သက်၍ တူကီယဲနိုင်ငံ၏ မေးခွန်းထုတ်ခြင်းသည် အဓိပ္ပာယ်မရှိသောလုပ်ရပ်သာဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က တုံ့ပြန်ပြောကြားထားသည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

ဂရိနှင့် တူကီယဲနိုင်ငံတို့အကြားတွင် အရှေ့မြေထဲပင်လယ်ရှိ ကမ်းလွန်ရေကြောင်း နယ်နိမိတ်နှင့် ဝေဟင်ပိုင်နက်၊ စွမ်းအင်၊ ဆိုက်ပရပ်အရေးအပါအဝင် အေဂျီယံပင်လယ်ရှိ စွမ်းအင်ရှာဖွေရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် လူနေထိုင်ခြင်းမရှိသော ကျွန်းငယ်များ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများမှာ ဆယ်စုနှစ်များစွာကြာ ဖြစ်ပေါ်ခဲ့ပါသည်။ ဂရိနိုင်ငံသည် အေဂျီယံပင်လယ်ရှိ ကျွန်းများအပေါ်တွင် လက်နက် တပ်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းသည် နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်လျက်ရှိကြောင်း၊ အဆိုပါကျွန်းများပေါ်တွင် စစ်လက်နက်တပ်ဆင်ခြင်းများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ၎င်းကျွန်းများအပေါ် ဂရိနိုင်ငံ၏အချုပ်အခြာအာဏာနှင့် ပတ်သက်၍ မေးခွန်းထုတ်ရန်လိုအပ်လာမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံက ပြောကြား ခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံသည် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အသုံးပြု၍ ဩဂုတ်လ ၂၃ ရက်တွင် အေဂျီယံပင်လယ်နှင့် အရှေ့မြေထဲပင်လယ်တို့၌ ကင်းလှည့် ပျံသန်းမှုများ လုပ်ဆောင်ခဲ့သော တူကီယဲတိုက်လေယာဉ်များကို ထက်ကြပ်မကွာရေဒါ ဖမ်းယူမှု (Radar Locked) များလုပ်ဆောင်ခဲ့ပါသည်။ လတ်တလောတွင် ဂရိနိုင်ငံအနေဖြင့် စစ်မဲ့အခြေအနေတွင်ရှိသော အေဂျီယံပင်လယ်ရှိကျွန်းများကို သိမ်းပိုက်ထားပြီး အေဂျီယံ ပင်လယ်အတွင်း တူကီယဲတိုက်လေယာဉ်များ ကင်းလှည့်ပျံသန်းရာတွင် ထပ်မံ၍ နှောင့်ယှက်မှုများပြုလုပ်ခြင်းနှင့် စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့မည်ဆိုပါက ထိရောက်စွာလက်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတက စက်တင်ဘာလ ၃ ရက်တွင် သတိပေးပြောကြားထားပါသည်။ သို့ဖြစ်၍ အေဂျီယံပင်လယ်ရှိ ကျွန်းများ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများကြောင့် NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား တင်းမာမှုများမှာ ဆက်လက်မြင့်တက်လာနိုင်ဖွယ် ရှိကြောင်းနှင့် အဆိုပါအရေးကိစ္စသည် အမေရိကန်ဦးဆောင်သည့် NATO အဖွဲ့အတွက် ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသည့် ပြဿနာတစ်ရပ်အဖြစ် ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment