Wednesday, September 28, 2022
ပိုလန်အတွက် စစ်ရေးထောက်ပံ့မှုအစီအစဉ်တစ်ရပ်ကို အမေရိကန်လွှတ်တော်က အတည်ပြုခဲ့ခြင်း
TVP World;Sep-29(Thu)
ပိုလန်နိုင်ငံအတွက် ပြည်ပစစ်ဘက်ဆိုင်ရာရန်ပုံငွေ (Foreign Military Financing -FMF) အဖြစ် အမေရိကန်ဒေါ်လာ ၂၈၈.၆ သန်းကို အမေရိကန်လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ပိုလန်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးက စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထောက်ပံ့မှုသည် မြင့်တက်လာသော ရုရှား၏ခြိမ်းခြောက်မှု များကို တားဆီးကာကွယ်နိုင်စေရန်နှင့် ပိုလန်၏စစ်ရေးစွမ်းရည်ကို ခိုင်မာအားကောင်း လာစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ပိုလန်နိုင်ငံသည် ရုရှား၏ အထူးစစ်ဆင်ရေး တစ်ရပ်နှင့်ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံအား ပံ့ပိုးကူညီမှုအများအပြားပေးအပ်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုအခါ ယူကရိန်းပြီးလျှင် ပြင်ပစစ်ရေးအကူအညီအများဆုံး လက်ခံရရှိသောနိုင်ငံဖြစ်ကြောင်း ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရန်ပုံငွေသည် ယူကရိန်းကာကွယ်ရေးကဏ္ဍအတွက် လိုအပ်သော ပင်မတိုက်ပွဲဝင်တင့်ကားများအပါအဝင် ပိုလန်တွင်ရှိနှင့်ပြီးဖြစ်သော စစ်လက်နက်ပစ္စည်းများအား ယူကရိန်းထံ ထောက်ပံ့ခဲ့ခြင်း ကြောင့် လစ်ဟာသွားခဲ့သော ပိုလန်၏ ကာကွယ်ရေးကဏ္ဍစွမ်းဆောင်ရည်ကို ပြန်လည် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သံရုံးက အလေးထားပြောကြားခဲ့ပါသည်။
အဆိုပါဘဏ္ဍာငွေသည် ရုရှား၏အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိသည့် ယူကရိန်းနှင့် ပိုလန်အပါအဝင် အိမ်နီးချင်း ၁၇ နိုင်ငံ၏ လုံခြုံရေးကို ခိုင်မာအားကောင်းစေရန်အတွက် စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ပစစ်ဘက်ဆိုင်ရာထောက်ပံ့မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုလည်း ပိုလန်နိုင်ငံဆိုင်ရာအမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ပြည်ပစစ်ဘက်ဆိုင်ရာရန်ပုံငွေ (FMF) သည် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်သမ္မတအား ဘဏ္ဍာငွေထောက်ပံ့ရန် အခွင့်အာဏာပေးထားကြောင်းလည်း အမေရိကန်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment