Xinhua;Sep-18(Sun)
ဟန်ဂေရီအစိုးရသည် လောင်စာဆီနှင့် စားသောက်ကုန်ဈေးနှုန်း ထိန်းချုပ် ကန့်သတ်ချက်များကို ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်သွားရန် ဆုံးဖြတ်ခဲ့ ကြောင်း ဟန်ဂေရီအစိုးရအဖွဲ့ရုံးအကြီးအကဲ ဂါဂျီလီဂူလ်ရက်စ် (Gergely Gulyas) က စက်တင်ဘာလ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါ သည်။ ထို့ပြင် အစိုးရအနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် အတိုးနှုန်းကန့်သတ်ချက်များကိုလည်း အနည်းဆုံး ၆ လခန့် ထပ်မံသက်တမ်းတိုးမြှင့် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံအနေဖြင့် အတိုးနှုန်းများကိုထိန်းချုပ်၍ လောင်စာဆီဈေးနှုန်း ကန့်သတ်ခြင်းများဆောင်ရွက်ခြင်း ကြောင့် ပဋိပက္ခနှင့် အကျပ်အတည်းမတိုင်မီကာလကဲ့သို့ပင် နိုင်ငံအတွင်းရှိ မိသားစု များအတွက် အစားအစာများ လုံလောက်စွာရရှိနိုင်သေးကြောင်းနှင့် လောင်စာဆီစျေးနှုန်း သည်လည်း ဥရောပတွင် အသက်သာဆုံးဖြစ်နေဆဲဖြစ်ကြောင်း ဂူလ်ရက်စ်က ပြောကြား ခဲ့ပါသည်။
ထို့ပြင် အစိုးရ၏ဆောင်ရွက်ချက်သည် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ စွမ်းအင်ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းကိုလည်း ကာမိစေမည်ဖြစ်ပြီး စက်ရုံများအတွက် စွမ်းအင်အကာအကွယ်ပေးရေးအစီအစဉ်တစ်ရပ်ကိုလည်း ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ကြေညာ သွားမည်ဖြစ်ပါသည်။ ဟန်ဂေရီအစိုးရအနေဖြင့် လာမည့်ဆောင်းရာသီတွင် စွမ်းအင် ချွေတာနိုင်ရန်အတွက် အလယ်တန်းကျောင်းများ၏ စာသင်ခန်းများတွင် အမြင့်ဆုံး အခန်းအပူချိန်ကို ၁၈ ဒီဂရီစင်တီဂရိတ်တွင်ထားရှိရန်နှင့် မူလတန်းကျောင်းများတွင် အမြင့်ဆုံး အခန်းအပူချိန်ကို ၂၀ ဒီဂရီစင်တီဂရိတ်ထားရှိရန် သတ်မှတ်ထားရှိကြောင်း ဂူလ်ရက်စ်က ပြောကြားခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံ၏ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များအရ ဟန်ဂေရီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် သြဂုတ်လတွင် ၁၅.၆ ရာခိုင်နှုန်းရှိပြီး ဟန်ဂေရီအမျိုးသားဘဏ်မှ လျာထားပမာဏထက် ၃ ရာခိုင်နှုန်း ကျော်လွန်လျက်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ဟန်ဂေရီနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်လာမှုများကို ကုစားနိုင်စေရန်အတွက် စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းကန့်သတ်ချက်အပါအဝင် အတိုးနှုန်းကန့်သတ်ချက်များကို ဇန်နဝါရီလ ၁၂ ရက်တွင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) က စတင်ထုတ်ပြန် ခဲ့ပါသည်။ ထို့ပြင် လောင်စာဆီနှင့် စားသောက်ကုန်ဈေးနှုန်း ထိန်းချုပ်ကန့်သတ်ချက်များကို ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်သွားမည်ဖြစ်သည့်အပြင် ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် အတိုးနှုန်းကန့်သတ်ချက်ကိုလည်း အနည်းဆုံး ၆ လခန့် ထပ်မံသက်တမ်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါသည်။ ဟန်ဂေရီ နိုင်ငံအနေဖြင့် အတိုးနှုန်းများကိုထိန်းချုပ်၍ လောင်စာဆီဈေးနှုန်း ကန့်သတ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပဋိပက္ခနှင့် ကပ်ရောဂါဖြစ်ပွားမှုမတိုင်မီကာလကဲ့သို့ပင် နိုင်ငံအတွင်းရှိ မိသားစုများအတွက် အစားအစာများလုံလောက်စွာရရှိနိုင်သည့်အပြင် လောင်စာဆီ စျေးနှုန်းသည်လည်း ဥရောပတွင် အသက်သာဆုံးအဖြစ်ရှိနေခဲ့ပါသည်။ လက်ရှိဖြစ်ပေါ် နေသည့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအပါအဝင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက်လာခြင်းသည် ဥရောပနိုင်ငံများ၏ စွမ်းအင်ဖူလုံရေးဆိုင်ရာကိစ္စရပ် များနှင့် စားသောက်ကုန်ဈေးနှုန်းများကို ခြိမ်းခြောက်လာသည့်အတွက် ဟန်ဂေရီအစိုးရ သည် နိုင်ငံအတွင်းဖြစ်ပေါ်နိုင်သည့် အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ယခုကဲ့သို့ ကန့်သတ်ချက်များကို သတ်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဟန်ဂေရီ အစိုးရ၏ ဆောင်ရွက်ချက်များကြောင့် ပဋိပက္ခနှင့် ကပ်ရောဂါဖြစ်ပွားမှုများရှိလင့်ကစား နိုင်ငံအတွင်းရှိ ဈေးနှုန်းများကို ထိန်းချုပ်ကန့်သတ်ထားနိုင်မည်ဖြစ်သောကြောင့် နိုင်ငံသား များအတွက် အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment