Tuesday, September 27, 2022

အမေရိကန်အနေဖြင့် တူကီယဲကဲ့သို့ ကောင်းမွန်သော မဟာမိတ်ကို ရှာတွေ့နိုင်မည်မဟုတ်ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ခြင်း


Anadolu Agency; Sep-28(Wed)

တူကီယဲနှင့် ဂရိအကြား ဖြစ်ပွားလျက်ရှိသော တင်းမာမှုများတွင် အမေရိကန်၏ တစ်ဖက်သတ်ရပ်တည်မှုအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံများ အတွင်း မမျှတသည့် ထိတွေ့ဆက်ဆံမှုများပြုလုပ်နေသည်ဟု တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဝေဖန်ပြောကြားခဲ့ပါသည်။ အမေရိကန် အနေဖြင့် NATO အဖွဲ့ဝင်ဖြစ်သော တူကီယဲနှင့် ဂရိတို့အပေါ် တန်းတူညီမျှဆက်ဆံမှု မရှိကြောင်း၊ NATO အဖွဲ့တွင် တူကီယဲနှင့် ဂရိတို့၏ အရေးပါမှုကို နှိုင်းယှဉ်စဉ်းစား ထားခြင်းမရှိကြောင်းနှင့် အမေရိကန်အနေဖြင့် တူကီယဲကဲ့သို့ ကောင်းမွန်သောမဟာမိတ် နိုင်ငံကို ရှာတွေ့နိုင်မည်မဟုတ်ကြောင်း သမ္မတ အာဒိုဂန်က ရုပ်မြင်သံကြားအင်တာဗျူး တစ်ခုအတွင်း ပြောကြားခဲ့ပါသည်။ တူကီယဲသည် NATO အဖွဲ့အတွက် ၎င်း၏ ပံ့ပိုး ကူညီမှုများအပြင် ၎င်း၏ မြေပြင်တပ်ဖွဲ့များမှ စွမ်းဆောင်ရည်များကြောင့် NATO ၏ ထိပ်တန်း ၅ နိုင်ငံစာရင်းတွင် ပါဝင်ကြောင်းကိုလည်း သမ္မတ အာဒိုဂန်က သတိပေး ပြောကြားခဲ့ပါသည်။

ဒရုန်းမှတ်တမ်းများအရ စစ်မဲ့ဇုန်ဟုသတ်မှတ်ထားသော ဂရိကျွန်းစုများပေါ်တွင် သံချပ်ကာယာဉ်များ တပ်ဖြန့်ထားရှိကြောင်း တွေ့ရှိရပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ လက်ခံ နိုင်ဖွယ်မရှိကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့ပါသည်။ အမေရိကန်အနေဖြင့် ဂရိ၏ မှားယွင်းတွက်ချက်လုပ်ဆောင်မှုများတွင် မပါဝင်ရန် တူကီယဲက မျှော်လင့်လျက်ရှိပြီး နိုင်ငံတကာလူထု၏ သဘောထားအမြင်များကို ယိမ်းယိုင်စေမည့် ကြိုးကိုင်ခြယ်လှယ် မှုကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် အာဒိုဂန်သည် ဂရိဆိုက်ပရပ်စ်အစိုးရထံသို့ လက်နက်ရောင်းချခွင့်ပိတ်ပင်မှုအား ရုပ်သိမ်းရန် အမေရိကန်၏ မကြာသေးမီက ဆုံးဖြတ်ခဲ့သောဆုံးဖြတ်ချက်အပေါ် ပြစ်တင် ရှုတ်ချခဲ့ပြီး တူကီယဲအနေဖြင့် တူကီယဲဆိုက်ပရပ်စ်ဒေသကို ကာကွယ်ရန်လိုအပ်သည့် လုပ်ဆောင်မှုအားလုံးကို ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment