Anadolu Agency; Sep-10(Sat)
ရုရှားနိုင်ငံ၏ကုန်စည်များအား ပင်လယ်နက်ကိုဖြတ်သန်း၍ တင်ပို့ခွင့်ပြုပါက တူကီယဲနိုင်ငံသည် အာဖရိကနိုင်ငံများအတွက် လိုအပ်နေသော ဂျုံနှင့် အခြားဆက်စပ် ထုတ်ကုန်များကို ပေးပို့သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ များကြောင့် ရပ်ဆိုင်းထားခဲ့သော ယူကရိန်းပင်လယ်နက်ဆိပ်ကမ်း ၃ ခုမှ ဂျုံတင်ပို့မှုများ ပြန်လည်စတင်ရန်အတွက် ကုလသမဂ္ဂ၊ တူကီယဲ၊ ရုရှားနှင့် ယူကရိန်းတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်တွင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ပူးတွဲ ညှိနှိုင်းရေးစင်တာကို တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌တည်ထောင်ကာ တင်ပို့မှုများကို ကြီးကြပ်ကွပ်ကဲခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းဆိပ်ကမ်းများမှတစ်ဆင့် သင်္ဘောများသွားလာမှုကို ခွင့်ပြုလိုက်သည်နှင့် ရုရှားပို့ကုန်များအပေါ် ပိတ်ဆို့အရေးယူမှု များကို ရုပ်သိမ်းသွားမည်ဆိုသည့် ကိစ္စရပ်နှင့်ပတ်သက်၍လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။
ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆာမာကန် (Samarkand) မြို့၌ လာမည့်စက်တင်ဘာလ ၁၅ ရက်မှ ၁၆ ရက်ထိကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နှစ်ပတ်လည် ခေါင်းဆောင်များထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့်တွေ့ဆုံ၍ ဂျုံတင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးရန် မျှော်မှန်းထားကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ယူကရိန်းဂျုံများသည် လိုအပ်နေသည့် ဖွံ့ဖြိုးဆဲနှင့် အဆင်းရဲဆုံးနိုင်ငံများသို့ ရောက်ရှိနေခြင်း မဟုတ်ဘဲ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့သာ တင်ပို့လျက်ရှိနေပါသည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အရ လိုအပ်နေသည့်နိုင်ငံများကို ထောက်ပံ့ကူညီရန်အတွက် သင်္ဘော ၈၇ စီးဖြင့် တန်ချိန် ၂ သန်းတင်ပို့ခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများသို့ သင်္ဘော ၂ စီးဖြင့် တန်ချိန် ၆၀,၀၀၀၊ ရာခိုင်နှုန်းအားဖြင့် ၃ ရာခိုင်နှုန်းသာရောက်ရှိခဲ့ကြောင်း ပူတင်က အခိုင်အမာပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment