CGTN;Oct-27(Thu)
ရုရှားနိုင်ငံသည် အာဖရိကနှင့် အာရှမှ ရွှေ့ပြောင်းနေထိုင်သူများကို ဖြတ်သန်း သွားလာနိုင်ရေးအတွက် အကူအညီများပေးအပ်ရန် စီစဉ်နေသည်ဟု ပိုလန်နိုင်ငံက သံသယဖြစ်ပေါ်လာသည့်အတွက်ကြောင့် ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက် (Kaliningrad) ဒေသနှင့်ထိစပ်နေသည့် နယ်နိမိတ်တွင် အတားအဆီးတစ်ခုတည်ဆောက်နိုင်ဖွယ်ရှိကြောင်း ပိုလန်အာဏာရ ဥပဒေနှင့် တရားမျှတရေးပါတီ (Law and Justice party) ၏ အထွေထွေ အတွင်းရေးမှူး ခရစ်တိုဖ်ဆိုဘိုလီစကီ (Krzysztof Sobolewski) က ပြောကြားခဲ့သည်ဟု CGTN သတင်းဌာနက အောက်တိုဘာလ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံ သည် အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများမှ ကာလီနင်ဂရက်ဒေသသို့ လေကြောင်း ခရီးစဉ်များဖွင့်လှစ်ပေးခြင်းဖြင့် ခရီးသွားများကို ပိုမိုဆွဲဆောင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ရုရှားမီဒီယာက ဖော်ပြခဲ့ပြီးနောက် ပိုလန်၏ စိုးရိမ်မှုများမြင့်တက်လာ ခြင်းဖြစ်ပါသည်။ ရုရှားနှင့် ၎င်း၏မဟာမိတ် ဘီလာရုဇ်နိုင်ငံတို့သည် ဥရောပနိုင်ငံ များကို မတည်မငြိမ်ဖြစ်စေရေးအတွက် မျိုးစပ်စစ်ပွဲ (Hybrid Warfare) များဖန်တီးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ့ပြောင်းအခြေချနေထိုင်သူများကို အသုံးပြုနေသည်ဟုလည်း ပိုလန်က စွပ်စွဲပြောကြားခဲ့ပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် တင်းမာမှုများမြင့်တက်နေသည်နှင့်အတူ ၂၀၂၁ ခုနှစ်တွင် ဘီလာရုဇ်နိုင်ငံနှင့်ဖြစ်ပေါ်ခဲ့သည့် ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ ပဋိပက္ခများ ထပ်မံဖြစ်ပေါ်လာမည်ကိုလည်း ပိုလန်က စိုးရိမ်ပူပန်လျက်ရှိပါသည်။ ပိုလန် နိုင်ငံသည် ဘီလာရုဇ်နယ်စပ်တွင် ၁၈၇ ကီလိုမီတာခန့် ရှည်လျားသည့်လှုပ်ရှားမှု အာရုံခံကိရိယာများနှင့် ကင်မရာများတပ်ဆင်ထားသည့် အမြင့် ၅.၅ မီတာရှိ သံမဏိ စည်းရိုးတစ်ခုကိုတည်ဆောက်ခဲ့ပြီးဖြစ်ပါသည်။ ထို့အတူ ကာလီနင်ဂရက်ဒေသတွင်လည်း အာရုံခံကိရိယာများနှင့် ကင်မရာများတပ်ဆင်ထားသည့် နယ်စပ်ကီလိုမီတာ ၂၀၀ အရှည်ရှိ အီလက်ထရွန်နစ်စည်းရိုးတစ်ခု တည်ဆောက်နိုင်ရေးအတွက်လည်း ပိုလန်နယ်ခြားစောင့် တပ်ဖွဲ့အနေဖြင့် ရန်ပုံငွေရရှိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ပိုလန်နိုင်ငံအနေဖြင့် လာမည့် နိုဝင်ဘာလအကုန်တွင် အီလက်ထရွန်နစ် တံတိုင်း တည်ဆောက်မည့် ကုမ္ပဏီတစ်ခုကို ရွေးချယ်မည်ဖြစ်ပြီး တည်ဆောက်မှုကို ၂၀၂၃ ခုနှစ်၏ ပထမသုံးလပတ်ကာလအတွင်း စတင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment