Friday, October 14, 2022

ဂရိနှင့် တူကီယဲကာကွယ်ရေးဝန်ကြီးတို့အကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း


Greekherald;Oct-14(Fri)

ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikolaos Panagiotopoulos) နှင့် တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) တို့သည် ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့၌ ကျင်းပပြုလုပ်သည့် NATO ကာကွယ်ရေးဝန်ကြီး အများအဆင့် အစည်းအဝေးတွင် သီးခြားတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Greekherald သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂရိနှင့် တူကီယဲနိုင်ငံတို့အကြား အရှေ့ မြေထဲပင်လယ်၊ ဆိုက်ပရပ်စ်နှင့် ရွှေ့ပြောင်းအခြေချသူများအရေးအပါအဝင် အခြားသော ကိစ္စရပ်များနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်လျက်ရှိစဉ် နှစ်နိုင်ငံဝန်ကြီးများသည် အထက်ပါအတိုင်း တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။ ဂရိကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ အဆိုပါတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ဆက်သွယ်ရေးလမ်းကြောင်းများ ဆက်လက် ထိန်းသိမ်းထားရှိခြင်း၏ အရေးပါမှုနှင့် နိုင်ငံတကာဥပဒေနှင့် အိမ်နီးချင်းကောင်းကျင့်ဝတ် များကိုအခြေခံ၍ ဒေသတွင်းတည်ငြိမ်မှုရှိသော အခြေအနေတစ်ရပ်ကိုဖန်တီးနိုင်ရေးအတွက် လိုအပ်ချက်များအား ဝန်ကြီးနှစ်ဦးက အလေးထားဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထို့ပြင် ဂရိနှင့် တူကီယဲနိုင်ငံတို့အကြား တင်းမာမှုများကိုမြင့်တက်စေနိုင်သည့် စကားလုံးများနှင့် ခြိမ်းခြောက်မှုများဆက်လက်လုပ်ဆောင်နေသရွေ့ နှစ်နိုင်ငံအကြား တင်းမာမှုများမှာ အရှိန်လျော့သွားနိုင်မည်မဟုတ်ကြောင်း ဂရိကာကွယ်ရေးဝန်ကြီးက တူကီယဲကာကွယ်ရေးဝန်ကြီးအား ပြောကြားခဲ့သည်ဟု ဂရိအစိုးရသတင်းအရင်းအမြစ် များ၏ပြောကြားချက်ကို ကိုးကား၍ ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ ဝန်ကြီးနှစ်ဦးအကြား တွေ့ဆုံဆွေးနွေးမှုမှာ မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ကာ အပြုသဘော ဆောင်သော တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်ကြောင်းနှင့် ဝန်ကြီးနှစ်ဦးသည် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd J. Austin) နှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment