Anadoly Agency;Nov-27(Sun)
တူကီယဲနိုင်ငံ၏လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရေးအတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို မည်သည့်နိုင်ငံကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က နိုဝင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် နိုင်ငံလုံခြုံရေးအတွက် ၎င်းတို့နယ်နိမိတ် အတွင်းနှင့် ပိုင်နက်နယ်မြေပြင်ပ၌လုပ်ဆောင်နေသည့် ကိစ္စရပ်အားလုံးကို ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ရှိကြောင်း သမ္မတ အာဒိုဂန်က အစ္စတန်ဘူလ် (Istanbul) မြို့၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။ အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းတွင် မကြာသေးမီကဆောင်ရွက်ခဲ့သော နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးကို ရည်ညွှန်း၍ အာဒိုဂန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
တူကီယဲနိုင်ငံသည် Claw-Lock ဟု အမည်ပေးအပ်ထားသည့် အဆိုပါစစ်ဆင်ရေး အတွင်း အကြမ်းဖက်သမား ၄၈၀ ဦးအား ချေမှုန်းပစ်ခတ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ၎င်းတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အီရတ်နိုင်ငံမြောက်ပိုင်း၌ ပုန်းအောင်းလျက်ရှိသော ကာ့ဒ်အလုပ်သမားပါတီ (PKK) အကြမ်းဖက်အဖွဲ့အားပစ်မှတ်ထား၍ ပြီးခဲ့သည့်ဧပြီလတွင် အဆိုပါ Claw-Lock စစ်ဆင်ရေးအား စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် ၎င်းတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အီရတ်နိုင်ငံမြောက်ပိုင်း၌ ပုန်းအောင်းလျက် ရှိသော အဆိုပါ PKK အကြမ်းဖက်အဖွဲ့ကိုပစ်မှတ်ထား၍ ၂၀၂၀ ပြည့်နှစ် အတွင်းကလည်း Claw-Tiger နှင့် Claw-Eagle အမည်ရှိ စစ်ဆင်ရေးများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အီရတ်နိုင်ငံနှင့် ဆီးရီးယား နိုင်ငံမြောက်ပိုင်းနယ်စပ်တစ်လျှောက်၌ လှုပ်ရှားလျက်ရှိသော ကာ့ဒ်စစ်သွေးကြွများ သည် ၎င်းတို့ကိုယ်ပိုင်နယ်မြေထူထောင်ရန် ကြိုးပမ်းမှုများကြောင့် တူကီယဲနိုင်ငံ၏ ပိုင်နက်နယ်မြေတည်ရှိမှုအား ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့ကြောင့် တူကီယဲအစိုးရ သည် အဆိုပါကာ့ဒ်စစ်သွေးကြွအဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ်ထုတ်ပြန်ထားရှိပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်တွင်လည်း တူကီယဲနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ စာပိုဒ် ၅၁ တွင် ပြဋ္ဌာန်းထားသည့် မိမိကိုယ်မိမိခုခံကာကွယ်ပိုင်ခွင့်နှင့်အညီ အီရတ်နိုင်ငံမြောက်ပိုင်း၌ ခိုအောင်းလျက်ရှိသော အဆိုပါကာ့ဒ်အကြမ်းဖက်အဖွဲ့အား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ၄၈၀ ဦးခန့်အား ချေမှုန်းနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ နိုဝင်ဘာလ ၁၃ ရက်တွင် အကြမ်းဖက်ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၆ ဦးသေဆုံးပြီး ၈၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်တွင် တူကီယဲစစ်ဘက်က ကာ့ဒ်အဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အီရတ်နိုင်ငံတွင် အခြေစိုက်ထားသည့် ကာ့ဒ်အဖွဲ့များအပေါ် တူကီယဲတပ်ဖွဲ့ဝင်များက ထိုကဲ့သို့ အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ခြင်းသည် အီရတ်နိုင်ငံ၏အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်း ဖြစ်သလို အိမ်နီးချင်းကောင်းနိုင်ငံဟူသည့်အယူအဆနှင့် ဆန့်ကျင်သည့်လုပ်ရပ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့်မူ နိုင်ငံလုံခြုံရေးအတွက် ၎င်းတို့နယ်နိမိတ်နှင့် ပြင်ဘက်နယ်မြေ အတွင်းရှိ လုပ်ဆောင်နေသည့်ကိစ္စရပ်အားလုံးကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်းနှင့် နိုင်ငံတော်လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရေးအတွက် ၎င်းတို့၏လုပ်ပိုင်ခွင့်ကို မည်သည့်နိုင်ငံကမျှ တားမြစ်ပိုင်ခွင့်မရှိကြောင်း သမ္မတ အာဒိုဂန်က တုံ့ပြန်ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ တူကီယဲနိုင်ငံနေဖြင့် ၎င်းနိုင်ငံ၏ ပိုင်နက်နယ်မြေတည်ရှိမှု အား ကာကွယ်နိုင်ရေးအတွက် အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနှင့် ပြည်သူများ အပေါ် ခြိမ်းခြောက်မှုများ လျော့ကျသွားသည်အထိ ကာ့ဒ်အကြမ်းဖက်အဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment