AP;Nov-30(Wed)
ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်မှုများသည် ယူကရိန်း နိုင်ငံအပြင် မော်ဒိုဗာနိုင်ငံအပေါ်ကိုပါ ဆိုးရွားစွာထိခိုက်စေခဲ့ကြောင်း မော်လ်ဒိုဗာ နိုင်ငံခြားရေးဝန်ကြီး နီချူပေါ့စ်ဆူ (Nicu Popescu) က နိုဝင်ဘာလ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။ NATO အဖွဲ့အနေဖြင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ထိခိုက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရလျက်ရှိသော ဂျော်ဂျီယာ၊ မော်လ်ဒိုဗာနှင့် ဘော့စနီးယား နိုင်ငံတို့အပေါ်ကူညီထောက်ပံ့မှုများ ထပ်မံပေးအပ်သွားရန် တိုက်တွန်းပြောကြားမှုများ ပြုလုပ်လျက်ရှိစဉ်အတွင်း နီချူပေါ့စ်ဆူက ရိုမေးနီးယားနိုင်ငံ၊ ဗူးခရက်မြို့ (Bucharest) ၌ AP သတင်းဌာနနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ (EU) နှင့် NATO အပါအဝင် ၎င်းနိုင်ငံအပေါ် ကူညီထောက်ပံ့ပေးသည့် မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့်လုပ်ဆောင်သွားလိုကြောင်းကိုလည်း နီချူပေါ့စ်ဆူက ဆက်လက် ပြောကြားခဲ့ပါသည်။
လက်ရှိတွင် မော်လ်ဒိုဗာနိုင်ငံအနေဖြင့် ၎င်းတို့အပေါ် ကူညီထောက်ပံ့ပေးသည့် မိတ်ဖက်နိုင်ငံများနှင့် အတူတကွဆောင်ရွက်လျက်ရှိသည့်အပြင် တစ်ဖက်တွင်လည်း လာမည့် ၂၀၂၃ ခုနှစ် ဧပြီလအထိ ဓာတ်ငွေ့နှင့်လျှပ်စစ်ဓာတ်အား အဆက်မပြတ်ရရှိစေရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။ NATO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မော်လ်ဒိုဗာ၊ ဂျော်ဂျီယာနှင့် ဘော့စနီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ၃ နိုင်ငံ အပေါ် ကူညီထောက်ပံ့ပေးမည့် ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ NATO အဖွဲ့ဝင်နိုင်ငံများနည်းတူ ရုရှားနိုင်ငံ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်ရလျက်ရှိသည့် အဆိုပါ ၃ နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး NATO အဖွဲ့ဝင်များမှ ၎င်းနိုင်ငံများအား လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများ တိုးတက်ကောင်းမွန်ရန်အတွက် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးရေးအား သဘော တူညီခဲ့ကြကြောင်း NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျင်းစတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment