TRTWORLD; Dec-15 (Thu)
တူကီယဲနှင့် အာမေးနီးယားနိုင်ငံတို့မှ အထူးကိုယ်စားလှယ်များအကြား ပုံမှန် ဆွေးနွေးညှိနှိုင်းမှုများအတွင်း သဘောတူညီခဲ့သည့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံ များကို အာမေးနီးယားနိုင်ငံအနေဖြင့် လက်တွေ့လုပ်ဆောင်ရန် တူကီယဲနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ(Melvet Cavusoglu) က တိုက်တွန်းခဲ့ကြောင်း TRTWORLD သတင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကာဗူဆိုဂလူက ပုံမှန် ဆက်ဆံရေးပြန်လည် တည်ဆောက်ရေးနှင့်ပတ်သက်သည့် တူကီယဲနှင့် အဇာဘိုင်ဂျန် တို့၏သဘောထားကို ထပ်မံအတည်ပြုပြောကြားခဲ့သည့်အပြင် အာမေးနီးယားနိုင်ငံ အနေဖြင့်လည်း သဘောတူညီခဲ့သည့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများကို လက်တွေ့လုပ်ဆောင်ပြီး မကြာမီကာလအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးသွားရန် တိုက်တွန်းခဲ့ပါသည်။ တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာလ ၁၄ ရက်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်စဉ် ကာဗူဆိုဂလူက အထက်ပါ အတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အဇာဘိုင်ဂျန်၏ ပိုင်နက်နယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသော ကာရာဘတ်ဒေသကို အာမေးနီးယားစစ်ဘက်က သိမ်းပိုက်လိုက်သည့် ၁၉၉၁ ခုနှစ်မှ စတင်၍ အာမေးနီးယား- အဇာဘိုင်ဂျန် နှစ်နိုင်ငံအကြားဆက်ဆံရေး တင်းမာလာခဲ့ပါသည်။ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် နာဂေါ်နို-ကာရာဘတ်ခ် (Nagorno-Karabakh) ဒေသပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်မှစတင်၍ ၄၄ ရက်ကြာ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ပြီး ရုရှား၏ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံသည် အာမေးနီးယား-အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ၂၀၂၀ ပြည့်နှစ် အတွင်း ၄၄ ရက်ကြာဖြစ်ပွားခဲ့သော နာဂေါ်နို-ကာရာဘတ်ပဋိပက္ခတွင် အဇာဘိုင်ဂျန်သို့ တူကီယဲတပ်ဖွဲ့ဝင်များတပ်ဖြန့်ချထား၍ ဒေသတွင်းတည်ငြိမ်မှု ထိန်းသိမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အာမေးနီးယား-အဇာဘိုင်ဂျန်နှင့် ရုရှားသုံးနိုင်ငံအကြား အာမေးနီးယား-အဇာဘိုင်ဂျန် ပဋိပက္ခအဆုံးသတ် စေရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း၌ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့အကြား နာဂေါ်နို-ကာရာဘတ်ခ် (Nagorno- Karabakh) ဒေသ၌ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ရာ ၎င်းတို့အကြား ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တူကီယဲနိုင်ငံအနေဖြင့် ကြားဝင်ညှိနှိုင်းမှုများ လုပ်ဆောင်ပေးလျက်ရှိပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခတွင်လည်း ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင် ကြားဝင်ဖျန်ဖြေပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အီဂျစ်၊ အစ္စရေး၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့အပါအဝင် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် သဘောထားကွဲလွဲခဲ့သော ဆက်ဆံရေးကိုလည်း ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ တူကီယဲနိုင်ငံ အနေဖြင့် ပဋိပက္ခများတွင် ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင်ခြင်းမှတစ်ဆင့် ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံပေါ်၌ နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။
No comments:
Post a Comment