Friday, December 2, 2022

တူကီယဲနိုင်ငံတောင်ပိုင်း နယ်စပ်တစ်လျှောက်၌ အကြမ်းဖက်မှုများလုပ်ဆောင်ခြင်းကို ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Trend;Dec-3(Sat)

တူကီယဲနိုင်ငံ၏တောင်ပိုင်း နယ်စပ်တစ်လျှောက်တွင် အကြမ်းဖက်အဖွဲ့များ အခြေချနေထိုင်ခြင်းနှင့် အကြမ်းဖက်မှုများလုပ်ဆောင်းခြင်းများကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့သည်ဟု Trend သတင်းဌာနမှ ဒီဇင်ဘာလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲတောင်ပိုင်းနယ်စပ်ဒေသတွင် ခြေကုပ်ရယူ၍ အကြမ်းဖက်မှု များလုပ်ဆောင်ရန် စီစဉ်လာသည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို တူကီယဲ နိုင်ငံအနေဖြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း တူကီယဲအမျိုးသားလုံခြုံရေး ကောင်စီက အလေးထားပြောကြားခဲ့ပြီးနောက် ဟူလူဆီအကာ၏ အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနိုင်ငံသည် မကြာသေးမီကာလတွင် ၎င်းတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ် အလုပ်သမားပါတီ (PKK) အကြမ်းဖက်အဖွဲ့နှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People’s Defense Units-YPG) တို့အား နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။

၎င်းကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၄၉၁ ဦးသေဆုံး ခဲ့ကြောင်းနှင့် အထက်ပါဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မဟာမိတ် နိုင်ငံများမှ တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဟူလူဆီ အကာက ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်း များအား ကူညီထောက်ပံ့မှုများမပြုလုပ်ကြရန်၊ ၎င်းတို့နှင့် ဆက်ဆံနေမှုများကို ဖြတ်တောက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည့်အပြင် ၎င်းတို့နိုင်ငံအနေဖြင့် အကြမ်းဖက်အဖွဲ့များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဟူလူဆီအကာက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment