Monday, December 12, 2022

ဂရိနိုင်ငံအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတက ခြိမ်းခြောက်ပြောကြားခဲ့ခြင်း

Greekherald;Dec-12(Mon)

တူကီယဲနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုသည် ဂရိနိုင်ငံအား ထိတ်လန့်မှုဖြစ်စေနိုင် ကြောင်းနှင့် ဂရိနိုင်ငံအနေဖြင့် အေဂျီယန် (Aegean) ပင်လယ်ရှိကျွန်းစုများ၌ စစ်လက်နက် ပစ္စည်းတပ်ဆင်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လျစ်လျူရှု၍ ငြိမ်သက်စွာ ရပ်ကြည့်နေမည်မဟုတ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဒီဇင်ဘာလ ၁၁ ရက်တွင် ခြိမ်းခြောက်ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံသည် TAYFUN ဟု အမည်ပေးထားသော ပြည်တွင်းထုတ်တာတိုပစ်ပဲ့ထိန်း ဒုံးကျည်တစ်စင်းအား ပြီးခဲ့သည့်အောက်တိုဘာလတွင် ပင်လယ်နက်အတွင်းသို့ စမ်းသပ် ပစ်ခတ်ခဲ့ပြီး အဆိုပါဒုံးကျည်သည် ၄၅၆ စက္ကန့်အတွင်း အကွာအဝေး ၅၆၁ ကီလိုမီတာ (၃၄၉ မိုင်) ရှိ ပစ်မှတ်များကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ သို့ဖြစ်ရာ ဂရိနိုင်ငံအနေဖြင့် အမေရိကန်ထံမှ ရရှိလျက်ရှိသည့် လက်နက်များအား ကျွန်းစုများ၌တပ်ဖြန့်ချထားရန် ဆက်လက်ကြိုးပမ်းနေမည်ဆိုပါက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ ပါသည်။

NATO အဖွဲ့ဝင် ဂရိနိုင်ငံသည် အနောက်နိုင်ငံများမှ စစ်ရေးဆိုင်ရာပံ့ပိုးကူညီမှု များရရှိခြင်းနှင့် တူကီယဲကမ်းရိုးတန်းအနီးရှိ ကျွန်းစုများတွင် ဂရိတပ်ဖွဲ့ဝင်များတိုးမြှင့် ချထားခြင်းတို့သည် တူကီယဲနိုင်ငံအား အမျက်ဒေါသဖြစ်စေလျက်ရှိပါသည်။ တူကီယဲ နိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိ စွမ်းအင်ရှာဖွေရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ရေတပ်အားစေလွှတ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများ ပိုမိုအရှိန် မြင့်တက်လာခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အီတလီနိုင်ငံထံမှ လွှဲပြောင်းရယူခဲ့ သည့် ဂရိနိုင်ငံပိုင်ကျွန်းစုများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ မေးခွန်း ထုတ်နေခြင်းကို ရပ်တန့်ရန် ဂရိနိုင်ငံက တူကီယဲနိုင်ငံအား အကြိမ်ကြိမ်တောင်းဆို ထားကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

NATO အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော တူကီယဲနှင့် ဂရိနိုင်ငံတို့သည် နှစ်နိုင်ငံ အကြား အေဂျီယန်ပင်လယ်ပြင်ရှိ စွမ်းအင်ရှာဖွေရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် လူနေထိုင်ခြင်း မရှိသော ကျွန်းစုများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့နှင့်ပတ်သက်၍ အငြင်းပွားမှု များဖြစ်ပွားလျက်ရှိပါသည်။ ထိုသို့အငြင်းပွားမှုများအပါအဝင် ပြဿနာများစွာအတွက် ဆယ်စုနှစ်များစွာကြာ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပေါ်နေစဉ် ဂရိနိုင်ငံ၏ အေဂျီယန် ပင်လယ်ပြင်ရှိ ကျွန်းစုများပေါ်၌ အမေရိကန်နိုင်ငံထုတ် သံချပ်ကာယာဉ်များ တပ်ဖြန့်ချ ထားခဲ့သည့် ဝေဟင်ဓာတ်ပုံများထွက်ပေါ်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ ဂရိနိုင်ငံသည် ၁၉၂၃ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် လောင်ဆန်နီစာချုပ်နှင့် ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပဲရစ်စာချုပ်များအရ အေဂျီယန်ပင်လယ်ရှိ ကျွန်းစုအများအပြားအား အီတလီနိုင်ငံထံမှ လွှဲပြောင်းလက်ခံရရှိခဲ့သော်လည်း စာချုပ်ပါအချက်အလက်များအရ ၎င်းကျွန်းများပေါ်တွင် စစ်လက်နက်ပစ္စည်းတပ်ဆင်ခြင်းများမပြုရန် ကတိပြုထားခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ဂရိနိုင်ငံအနေဖြင့် ကျွန်းစုများသို့ စစ်လက်နက်ပစ္စည်းပို့ဆောင်တပ်ဆင်ခြင်းသည် နိုင်ငံတကာသဘောတူစာချုပ်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် စစ်မဲ့ဇုန်အဖြစ် ထားရှိရန် သဘောတူညီချက်ကိုလည်း ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း တူကီယဲနိုင်ငံက သတိပေးထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် ဂရိနိုင်ငံအနေဖြင့် ၎င်းကျွန်းစုများပေါ်သို့ စစ်လက်နက်ပစ္စည်းတပ်ဆင်ခြင်းများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တူကီယဲ နိုင်ငံအနေဖြင့် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ခြိမ်းခြောက်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံအကြား လတ်တလော ဖြစ်ပေါ်နေသည့် အငြင်းပွားမှုများနှင့်အတူ သမ္မတ အာဒိုဂန်၏ ယခုခြိမ်းခြောက်မှုများ ကြောင့် ရှိရင်းစွဲတင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိပြီး အနာဂတ်ကာလများ၌ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများအထိ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။


နှစ်နိုင်ငံအငြင်းပွားကျွန်းများတည်ရှိရာ အေဂျီယန်ပင်လယ်ပြမြေပုံ

No comments:

Post a Comment