Tuesday, December 13, 2022

EU စွမ်းအင်ဝန်ကြီးများသည် ဓာတ်ငွေ့ဈေးနှုန်းကန့်သတ်ရေးအတွက် အပြီးသတ် သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်မှုမရှိခဲ့ခြင်း

The National News; Dec-14(Wed)

ဥရောပ၏စွမ်းအင်အကျပ်အတည်းကို ကုစားနိုင်ရေးအတွက် လအတော်ကြာ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်တွင် ဘရပ်ဆဲလ် (Brussels) မြို့၌ ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (EU) စွမ်းအင်ဝန်ကြီးများအစည်းအဝေးအတွင်း EU ၏ သဘာဝဓာတ်ငွေ့ဈေးနှုန်းကန့်သတ်ရေးဆိုင်ရာ အပြီးသတ်သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း The National News က ဖော်ပြခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဓာတ်ငွေ့ဈေးနှုန်းကန့်သတ်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက် များနှင့်ပတ်သက်၍ EU အဖွဲ့ဝင်နိုင်ငံအချို့က ကန့်ကွက်နေဆဲဖြစ်သည့်အတွက်ကြောင့် အပြီးသတ်သဘောတူညီချက်ကို ချမှတ်နိုင်မှုမရှိခဲ့ခြင်းဖြစ်ပြီး EU စွမ်းအင်ဝန်ကြီးများ အနေဖြင့် အလားတူဆွေးနွေးပွဲတစ်ရပ်အား လာမည့် ဒီဇင်ဘာလ ၁၉ ရက်တွင် ထပ်မံ ပြုလုပ်သွားမည်ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံအချို့၏ ထပ်တလဲလဲတောင်းဆိုမှုများအရ ရုရှားမှဥရောပသို့ ဓာတ်ငွေ့တင်ပို့မှုဖြတ်တောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး ကသောင်းကနင်းဖြစ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဥရောပကော်မရှင်သည် နိုဝင်ဘာလအတွင်း စွမ်းအင်ဈေးနှုန်းကန့်သတ်ချက်ကို အဆိုပြုခဲ့ခြင်းဖြစ်ပါသည်။

လာမည့်သီတင်းပတ်အတွင်းပြုလုပ်မည့် EU စွမ်းအင်ဝန်ကြီးများအစည်းအဝေး၌ ဓာတ်ငွေ့ဈေးနှုန်းကန့်သတ်ရေးဆိုင်ရာ ဘုံသဘောတူညီချက်ကို အပြီးသတ်ချမှတ်နိုင် လိမ့်မည်ဟု EU အလှည့်ကျဥက္ကဋ္ဌ ချက်သမ္မတနိုင်ငံ၏ စက်မှုဝန်ကြီး ဂျိုးဇက်ဖ်စီခီလာ (Jozef Sikela) က မှတ်ချက်ပြုထားပါသည်။ ယခုအချိန်သည် ဥရောပနိုင်ငံများအကြား အတူတကွပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည့်အပြင် စည်းလုံးညီညွတ်မှုကို လည်း ပြသရမည်ဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတစ်ခု၌ ၎င်းက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကိုထိန်းချုပ်နိုင်ရေး ဂရိ၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ပိုလန်နိုင်ငံတို့အပါအဝင် နိုင်ငံအချို့က ဓာတ်ငွေ့ဈေးနှုန်း ကန့်သတ်မှုအတွက် တောင်းဆိုလျက်ရှိသော်လည်း ၎င်းကဲ့သို့လုပ်ဆောင်မှုများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များနှင့်ပတ်သက်၍ ဂျာမနီ၊ ဩစတြီးယားနှင့် နယ်သာလန်နိုင်ငံတို့က သတိပေးကန့်ကွက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment