Anadolu Agency; Jan-10 (Tue)
ဟန်ဂေရီအစိုးရအနေဖြင့် ကိုဆိုဗို၏ ဉရောပအဖွဲ့အစည်းများသို့ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုများကို ဗီတိုအာဏာသုံး၍ ကန့်ကွက်သွားမည်ဟု ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး အီဗီကာဒါစီ (Ivica Dacic)နှင့် ဘူဒါပတ်စ်မြို့၌တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့ကြောင်း Anadolu Agency က ဇန်နဝါရီလ ၁၀ ရက်တွင်ဖော်ပြခဲ့ပါသည်။ အချိန်မတိုင်မီ ကိုဆိုဗို၏ ဉရောပ အဖွဲ့အစည်းများသို့ ဝင်ရောက်ရန်ကြိုးပမ်းမှုကြောင့် ပြန်လည်ရင်ကြားစေ့ရေးအား ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ဉရောပကောင်စီအဖွဲ့ဝင်အဖြစ် ကိုဆိုဗိုအားလက်ခံရန် မဲပေးရမည်ဆိုပါက ဟန်ဂေရီအစိုးရအနေဖြင့် ကန့်ကွက်သွားမည်ဟု ဆီဂျာတိုက ပြောကြားခဲ့ပါသည်။ ဟန်ဂေရီအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေးအတွက် အဖြေတစ်ခုရရှိရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့အတွက် အားပေးထောက်ခံလျက်ရှိ ကြောင်း ဆီဂျာတိုက ပြောကြားခဲ့ပါသည်။
ကိုဆိုဗို၏ အဖွဲ့ဝင်နိုင်ငံဖြစ်ရေးလျှောက်လွှာကို ချက်သမ္မတနိုင်ငံမှ ဉရောပသမဂ္ဂ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တင်သွင်းခဲ့ခြင်းဖြစ် ပါသည်။ ကိုဆိုဗို၏ ဉရောပအဖွဲ့အစည်းများသို့ အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုသည် ဝါရှင်တန် သဘောတူစာချုပ်၊ ဘရပ်ဆဲလ်သဘောတူစာချုပ်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်၊ ၁၂၄၄ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အနောက်မိတ်ဖက်နိုင်ငံများသည်လည်း သဘောတူညီချက်များကို လေးစားမှုမရှိကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က ပြစ်တင်ဝေဖန်ခဲ့ပါ သည်။ ဆားဘီးယားနှင့် ကိုဆိုဗိုခေါင်းဆောင်များသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်၏ စီစဉ်ပေးမှုဖြင့် အမေရိကန်နိုင်ငံတွင် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပုံမှန်လည်ပတ်ရေးအတွက် သဘောတူညီခဲ့ကြပါသည်။ ထို့ပြင် နှစ်ဖက်စလုံးအနေဖြင့် သံတမန်ရေးဆိုင်ရာ အသိအမှတ်ပြုခြင်း/မပြုခြင်းဆိုင်ရာ ဆောင်ရွက်ချက် များကိုရပ်ဆိုင်းထားရန် သဘောတူညီခဲ့ကြပါသည်။ ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဖြစ်သော စပိန်၊ ဆလိုဗက်ကီးယား၊ ဂရိဆိုက်ပရပ်စ်အစိုးရ၊ ရိုမေးနီးယားနှင့် ဂရိနိုင်ငံ တို့သည် ကိုဆိုဗို၏လွတ်လပ်ရေးကို အသိအမှတ်ပြုလုပ်ထားခြင်းမရှိပေ။ ထို့ပြင် ရုရှား၊ တရုတ်နှင့် အိန္ဒိယအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ဝက်ကျော်က ကိုဆိုဗို၏ လွတ်လပ်ရေးကိုအသိအမှတ်မပြုထားသလို ၎င်းနိုင်ငံသည် NATO နှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံလည်းမဟုတ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment