Wednesday, January 4, 2023

အမေရိကန်နှင့် တူကီယဲတို့သည် ISIL(ISIS) အဖွဲ့အား ပံ့ပိုးကူညီခဲ့သည်ဟု သံသယရှိသော လူပုဂ္ဂိုလ်များနှင့် စီးပွားရေးကွန်ရက်တစ်ခုအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်း

Aljazeera; Jan-5(Thu)

အမေရိကန်နှင့် တူကီယဲနိုင်ငံတို့သည် ISIL(ISIS) အဖွဲ့အတွက် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခဲ့သည်ဟု သံသယရှိသော လူပုဂ္ဂိုလ်များနှင့်စီးပွားရေးကွန်ရက်တစ်ခုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု Aljazeera သတင်း ဌာနက ဇန်နဝါရီလ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ISIL (ISIS) အဖွဲ့အတွက် ရန်ပုံငွေများ စီမံခန့်ခွဲခြင်း၊ ဖြန့်ဖြူးခြင်းနှင့် လွှဲပြောင်းလက်ခံခြင်းတို့လုပ်ဆောင်ခဲ့ရာတွင် ပါဝင်ပတ်သက် သည်ဟု သံသယရှိသော လူပုဂ္ဂိုလ် ၄ ဦးအပါအဝင် စီးပွားရေးကုမ္ပဏီ ၂ ခုအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် တူကီယဲအာဏာပိုင်များ အနေဖြင့်လည်း ၎င်းကွန်ရက်တွင်ပါဝင်သော အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ် သိမ်းဆည်းမှုများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ နက်ဒ်ပရိုက် (Ned Price)က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့်တူကီယဲနိုင်ငံတို့၏ ထိုကဲ့သို့ ပူးတွဲအရေးယူပိတ်ဆို့မှုများ ချမှတ် ခြင်းသည် ISIS အဖွဲ့အပေါ် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများအား ရပ်တန့်စေရန် အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု နက်ဒ်ပရိုက်က ရှင်းလင်းပြောကြားခဲ့ပါ သည်။ အမေရိကန်နိုင်ငံအနေဖြင့် ISIL(ISIS) အဖွဲ့အား ပြည်ပအကြမ်းဖက်အဖွဲ့အစည်း တစ်ခုအဖြစ် ရှုမြင်ထားလျက်ရှိပြီး ယခုလုပ်ဆောင်ခဲ့သည့် အရေးယူပိတ်ဆို့မှုတွင်လည်း အကြမ်းဖက်ဝါဒတန်ပြန်တိုက်ဖျက်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု သတင်းဌာနက ဖော်ပြထားပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံ၏ ယခုချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုသည် တူကီယဲနိုင်ငံတွင် နေထိုင်သော အီရတ် နိုင်ငံသား အဗ္ဗဒူအယ်လ်ဟာမစ်ဆလင် အီဗရာဟင်အစ္စမေးလ်ဘရူကန်အယ်လ်ခါတွန်နီ (Abd Al Hamid Salim Ibrahim Ismail Brukan al-Khatuni) အပါအဝင် ၎င်း၏ သားနှစ်ဦးနှင့် ၎င်းတို့လုပ်ဆောင်လျက်ရှိသော တူကီယဲငွေကြေးဝန်ဆောင်မှုလုပ်ငန်းအပေါ် ဦးတည်၍ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာန၏ဖော်ပြချက် အရ သိရှိရပါသည်။

No comments:

Post a Comment