Monday, January 16, 2023

NATO အဖွဲ့သည် ရိုမေးနီးယားလေတပ်စခန်းတွင် ကင်းထောက်လေယာဉ်အား စေလွှတ်တပ်ဖြန့်ခဲ့ခြင်း

Yahoo;Jan-17(Tue)

NATO ကင်းထောက်လေယာဉ်တစ်စီးသည် အရှေ့စစ်နံရှိ စစ်ဘက်မဟာမိတ် နိုင်ငံများကို ထောက်ပံ့ကူညီပေးရန်နှင့် ရုရှားနိုင်ငံ၏စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့် နိုင်ရန်အတွက် ရိုမေးနီးယားနိုင်ငံ၊ မြို့တော် ဗူးခရက် (Burcharest) အနီးရှိ လေတပ် အခြေစိုက်စခန်းတစ်ခုသို့ ဇန်နဝါရီလ ၁၇ ရက်တွင် ရောက်ရှိခဲ့ကြောင်း Yahoo သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ အလားတူ NATO ကင်းထောက်လေယာဉ် ၂ စီးနှင့်အထက်သည် ရိုမေးနီးယားနိုင်ငံသို့ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းနှင့် ဇန်နဝါရီလ ၁၈ ရက်တို့တွင် ထပ်မံရောက်ရှိလာနိုင်သည်ဟု မျှော်မှန်းထားလျက်ရှိပြီး ရက်သတ္တပတ်ပေါင်းများစွာ တပ်စွဲထားမည်ဖြစ်ကြောင်း Yahoo သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

NATO အဖွဲ့သည် ၎င်းတို့၏ လုံခြုံရေးအကျိုးစီးပွားအတွက် ယူကရိန်းနိုင်ငံအား စစ်ရေးဆိုင်ရာထောက်ပံ့ကူညီမှုများကို ဆက်လက်ပေးပို့ရန်နှင့် နောက်ထပ် လေကြောင်းရန် ကာကွယ်ရေးစနစ်များထားရှိနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ရုရှားနိုင်ငံ၏ စစ်ရေး လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နိုင်ရန်အတွက် အရှေ့ဘက်စစ်နံရှိ မဟာမိတ် နိုင်ငံများတွင် စစ်ရေးတည်ရှိမှုများကိုတိုးမြှင့်ရန်လည်း ဦးတည်ဆောင်ရွက်လျက်ရှိပါ သည်။ NATO အဖွဲ့အနေဖြင့် ယူကရိန်းသို့ စစ်ရေးအကူအညီပေးခြင်းသည် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်မည့်နည်းလမ်းဟု သတ်မှတ်ကာ ၂၀၂၃ ခုနှစ်တွင် ထောက်ပံ့မှုများနှင့် စစ်ရေးတည်ရှိမှုများကို ပိုမိုအရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်ပါသည်။ NATO အဖွဲ့၏ ကာကွယ်ရေးနှင့် ဟန့်တားရေးအနေအထားများအတွက် အဓိကစွမ်းရည်တစ်ရပ်ဖြစ်သည့် ဝေဟင်ထောက်လှမ်းမှု များကို တိုးချဲ့သည့်အနေဖြင့် ရိုမေးနီးယားနိုင်ငံ၊ မြို့တော် ဗူးခရက် (Burcharest) အနီးရှိ လေတပ်အခြေစိုက်စခန်းတွင် ဝေဟင်ကြိုတင်သတိပေးမှုနှင့် ကွပ်ကဲထိန်းချုပ်ရေးစနစ် များ (Airborne Warning and Control System–AWACS) ပါဝင်သည့် ကင်းထောက် လေယာဉ်များကို စေလွှတ်တပ်ဖြန့်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတပ်ဖြန့်မှုတွင် ဝေဟင်မှတစ်ဆင့် ထောက်လှမ်းရေးလုပ်ငန်းစဉ်များပြုလုပ်ရာတွင် အတွေ့အကြုံများ ပြည့်ဝနေသည့် ဂျာမနီနိုင်ငံတွင် တပ်ဖြန့်ချထားခဲ့သည့် အမှတ်(၁၄) NATO ကင်းထောက် လေယာဉ်အုပ်တွင် တာဝန်ထမ်းဆောင်သည့် လေယာဉ်များအား အသုံးပြုခဲ့သည်ကို တွေ့ရှိရပါသည်။ NATO အဖွဲ့သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကာလအတွင်း မဟာမိတ်နိုင်ငံများ၏ ပိုင်နက်နယ်မြေအားလုံး လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ လျော့ကျစေရန်အတွက် တပ်ဖြန့်ချထားမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခသည် စေ့စပ်ညှိနှိုင်းမှုစားပွဲမှ တစ်ဆင့် အဆုံးသတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ကို နိုင်ငံတကာအနေဖြင့် သိရှိ ထားပြီးဖြစ်သော်လည်း ယူကရိန်းနိုင်ငံသို့ လက်နက်များထပ်မံပေးပို့ရန်နှင့် မဟာမိတ် နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သွားမည် ဖြစ်ကြောင်း NATO အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ တစ်ဖက် တွင်လည်း ရုရှားနိုင်ငံအနေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် စစ်ရေးစွမ်းရည်များ မြှင့်တင်ရန် ပြောင်းလဲမှုများပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ NATO အဖွဲ့သည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခအတွင်း လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ သက်ရောက်နိုင်မည့် စစ်ဘက်မဟာမိတ်နိုင်ငံများတွင် စစ်ရေးတည်ရှိမှုများ ထပ်မံတိုးမြှင့် ချထားလာနိုင်ပြီး ရုရှားနိုင်ငံနှင့်လည်း တင်းမာမှုများ ပိုမိုဆိုးရွားလာနိုင်သည့်အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment