Tuesday, February 28, 2023

ဟန်ဂေရီနှင့် အီဂျစ်တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

 REMIX; Feb-28(Tue)


ဟန်ဂေရီနှင့် အီဂျစ်အစိုးရတို့သည် ရွှေ့ပြောင်းနေထိုင်မှု၊ ပညာရေးနှင့် နျူကလီးယား စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များအတွက် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက် များကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာစေရန်အတွက်လည်း သဘောတူညီခဲ့ပါသည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orbán) နှင့် အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah el-Sisi) တို့ တက်ရောက်ခဲ့သော အီဂျစ်နိုင်ငံ၊ မြို့တော်ကိုင်ရိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း နှစ်နိုင်ငံသဘောတူညီချက်များကို ထုတ်ပြန် ကြေညာခဲ့ပါသည်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး၊ ဟန်ဂေရီ ပညာသင်ဆုအစီအစဉ်များ ပိုမိုမြှင့်တင်ရေးနှင့် အဆင့်မြင့်ပညာရေး၊ စီးပွားရေးနှင့် စွမ်းအင်ထောက်ပံ့မှုစသည့် ကဏ္ဍများတွင် သဘောတူညီချက်များ ချမှတ်နိုင်ခဲ့ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Péter Szijjártó) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထို့ပြင် အဓိကစက်မှုလုပ်ငန်းများသက်ဆိုင်သည့် ကိစ္စရပ်များကို ပိုမိုချဲ့ထွင် လုပ်ဆောင်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်တို့အတွက် ဟန်ဂေရီ ကိုယ်စားလှယ်အဖွဲ့တွင် ဟန်ဂေရီစီးပွားရေးလုပ်ငန်းရှင် ၂၀ ကျော်ပါဝင်ကြောင်း ပီတာဆီဂျာတိုက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ လက်ရှိတွင် နှစ်နိုင်ငံအကြား ၎င်းတို့၏ ပြည်တွင်းနျူကလီးယားစွမ်းအင်ထွက်ရှိမှုကိုတိုးမြှင့်ရန် ကတိပြုထားပြီး နျူကလီးယား ဆိုင်ရာ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါနယ်ပယ်တွင် လေ့ကျင့်သင်ကြားမှုနှင့် နည်းပညာဆိုင်ရာ သုတေသနတွေ့ရှိချက် များကို နှစ်နိုင်ငံအကြား မျှဝေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။ သဘောတူညီချက်များ၏ အဓိကအကျိုး ရလဒ်မှာ ၂၀၂၆ ခုနှစ်တွင် ဟန်ဂေရီ၏ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုကဏ္ဍတွင် အီဂျစ်နိုင်ငံမှလည်း ပူးပေါင်းပါဝင်လာနိုင်မည်ဖြစ်ပြီး ဟန်ဂေရီကုမ္ပဏီများသည်လည်း အနာဂတ်တွင် စူးအက်တူးမြောင်းစီးပွားရေးဇုန် (SCZONE) ကို အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment