တူကီယဲနိုင်ငံတောင်ပိုင်း၌ ဖေဖော်ဝါရီလ ၆ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင် ဖြစ်စဉ်နှစ်ခုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်သော်လည်း တူကီယဲအစိုးရအနေဖြင့် သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို မေလ ၁၄ ရက်တွင်ကျင်းပရန် စီစဉ်ထားကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မတ်လ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ရာသီ အလိုက် ပြောင်းရွှေ့နေထိုင်မှုများနှင့် နွေရာသီအစောပိုင်းတွင် တက္ကသိုလ်စာမေးပွဲများ ရှိသဖြင့် ရွေးကောက်ပွဲများကို မေလ ၁၄ ရက်တွင်ကျင်းပရန် သမ္မတ အာဒိုဂန်က အစောပိုင်းတွင် ပြောကြားထားပါသည်။ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် တူကီယဲအစိုးရ သည် မေလ၊ သို့မဟုတ် ဇွန်လတွင်ကျင်းပမည့် ရွေးကောက်ပွဲများ ရွှေ့ဆိုင်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများအား လာမည့် မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်တွင် အနောက်မြောက်ပိုင်းရှိ ဘူဆာ (Bursa) မြို့၌ ကျင်းပပြုလုပ်သည့် လူငယ်ညီလာခံတစ်ခုတွင် ပြောကြားခဲ့ပါသည်။ တူကီယဲအရှေ့ တောင်ပိုင်းကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြီးသည် လူဦးရေ ၁၃ သန်းကျော် နေထိုင်သည့် ပြည်နယ် ၁၀ ခုအပေါ် ကြီးမားသော သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စေ ခဲ့ပါသည်။ ငလျင်ကြောင့် ပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ထောင်သောင်း ချီသော အဆောက်အဦများကိုလည်း ပျက်စီးစေခဲ့ပါသည်။ ထို့ကြောင့် တူကီယဲအစိုးရသည် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းသင့်ကြောင်း ဆွေးနွေးမှုပြုလုပ်ခဲ့ ပါသည်။ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သောနေရာတွင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အခြေအနေ တစ်ရပ်သို့ ရောက်ရှိလာခဲ့ပါသည်။ သို့ဖြစ်၍ မေလတွင် ပြုလုပ်မည့်ရွေးကောက်ပွဲများအား ပုံမှန်အတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က မတ်လ ၁ ရက်တွင် ကြေညာခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက် ခံရန် စီစဉ်ထားပါသည်။ သမ္မတ အာဒိုဂန်သည် တာဝန်ထမ်းဆောင်စဉ် နိုင်ငံ၏စီးပွားရေးမှာ ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်ရလျက်ရှိခြင်းကြောင့် လာမည့်ရွေးကောက်ပွဲသည် ၎င်းအတွက် ခက်ခဲသောရွေးကောက်ပွဲတစ်ခုဖြစ်သော်လည်း ဖေဖော်ဝါရီလ ၆ ရက်တွင် နိုင်ငံတောင်ပိုင်း၌ ငလျင်လှုပ်ခတ်ခဲ့မှုတွင် ပြည်သူများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်ပေးနိုင်ခဲ့သည့် အားသာချက်တစ်ခုရှိပါသည်။ သို့ဖြစ်၍ သမ္မတ အာဒိုဂန်အပေါ် ပြည်သူများ၏ထောက်ခံမှု မြင့်တက်လာနိုင်ဖွယ်ရှိမှုကို စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment