Sunday, March 19, 2023

ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ပုံမှန်ဆက်ဆံရေးတည်ဆောက်ရန် သဘောတူညီမှုရရှိခဲ့ခြင်း

Anadolu Agency; Mar-19(Sun)
ကိုဆိုဗိုနှင့် ဆားဘီးယားတို့သည် ဥရောပသမဂ္ဂ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ရရှိထားသည့် ပုံမှန်ဆက်ဆံရေးတည်ဆောက်‌ရေးအား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပတ်သက်သည့် သဘောတူညီချက်တစ်ရပ်အား ရရှိခဲ့ကြောင်း Anadolu Agency သတင်း ဌာနက မတ်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) နှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) တို့သည် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၊ အောရစ် (Ohrid) မြို့တွင် ၁၂ နာရီကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အထက်ပါကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံသည် သဘောတူညီချက်တွင် ပါဝင်သည့်အချက်များအပေါ် အပြည့်အဝလိုက်နာရန်နှင့် သက်ဆိုင်ရာတာဝန်များကိုလည်း အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက်ဘော်ရယ် (Josep Borrell) က ပြောကြားခဲ့ပါသည်။သို့သော်လည်း ဆားဘီးယားသမ္မတ ဘူစစ်သည် သဘောတူညီချက်အကောင် အထည်ဖော်ရေးနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသေးကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် ကာတီက ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအနေဖြင့် ၎င်းတို့အဖွဲ့အတွင်းသို့ ဆားဘီးယားနှင့် ကိုဆိုဗိုတို့ အမြန်ဆုံးဝင်ရောက်နိုင်ရန်အတွက် ၎င်းတို့အကြား အငြင်းပွားမှုများနှင့် ပတ်သက်၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရန် လိုလားလျက်ရှိပါသည်။ ဆားဘီးယား သမ္မတနှင့် ကိုဆိုဗိုဝန်ကြီးချုပ်တို့အကြား ရရှိခဲ့သည့် သဘောတူညီချက်တွင် အိမ်နီးချင်း နှစ်နိုင်ငံဆက်ဆံရေးများအား ထိန်းသိမ်းရန်၊ နိုင်ငံကူးလက်မှတ်များနှင့် လိုင်စင်နံပါတ်ပြား များကဲ့သို့ အထောက်အထားများအား အပြန်အလှန်အသိအမှတ်ပြုရန် တောင်းဆို ထားသည့် အချက် ၁၁ ချက်ပါဝင်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ဆားဘီးယားနှင့် ကိုဆိုဗိုအကြားတွင် ပုံမှန်ဆက်ဆံရေးတည်ဆောက်ရန်အတွက် ဥရောပသမဂ္ဂ (European Union-EU) ၏ ကမကထပြုမှုဖြင့် ဆွေးနွေးမှုများပြုလုပ်လျက် ရှိပါသည်။ ယခုအခါတွင်လည်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ်နှင့် ကိုဆိုဗို ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီတို့သည် EU ၏ ဦးဆောင်မှုဖြင့် မြောက်မက်ဆီဒိုးနီးယား နိုင်ငံ၊ အောရစ် (Ohrid) မြို့တွင် ဆွေးနွေးမှုများအား ၁၂ နာရီကြာ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ဆွေးနွေးမှုပြီးနောက် သဘောတူညီချက်အချို့ရရှိခဲ့သော်လည်း အချက်အလက် အားလုံး လိုက်နာဆောင်ရွက်ရန်မဖြစ်နိုင်ကြောင်း ဆားဘီးယားသမ္မတက ပြောကြားခဲ့ ပါသည်။ ထို့ပြင် ဆားဘီးယားအနေဖြင့် သဘောတူညီမှုအပေါ်တွင်လည်း လက်မှတ် ရေးထိုးခဲ့ခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ EU ၏ ဦးဆောင်မှုဖြင့် ဆားဘီးယား-ကိုဆိုဗိုဆွေးနွေးမှုအား ၂၀၁၁ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့သော်လည်း တိကျပြတ်သားသည့် ရလဒ်ထွက်ပေါ်ခြင်းမရှိသေးသည်ကို တွေ့ရှိရပါသည်။ ဥရောပသမဂ္ဂသည် ကိုဆိုဗို၏ လွတ်လပ်ရေးကို အသိအမှတ်ပြုပေးရန် ဆားဘီးယားနိုင်ငံကို တရားဝင်တောင်းဆိုထားခြင်း မရှိသော်လည်း ၎င်းတို့အကြား ပုံမှန်ဆက်ဆံရေးထူထောင်ရေးအတွက်ကိုမူ တောင်းဆို ထားပါသည်။ လက်ရှိအချိန်ထိတိုင် ဆားဘီးယားနိုင်ငံအနေဖြင့် ကိုဆိုဗိုကို လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသော် လည်း ယခုသဘောတူညီမှုအရ ကိုဆိုဗို၏ တရားဝင်စာရွက်စာတမ်းများဖြစ်သော နိုင်ငံကူး လက်မှတ်များ၊ ဒီပလိုမာအောင်လက်မှတ်များနှင့် လိုင်စင်နံပါတ်ပြားများကို အသိအမှတ် ပြုရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဥရောပသမဂ္ဂ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ပြုလုပ်လျက်ရှိသည့် ပုံမှန်ဆက်ဆံရေးတည်ဆောက်မှုခရီးလမ်းသည် လက်ရှိအချိန်တွင် အပြုသဘောဆောင်သော တိုးတက်မှုများရှိနေသော်လည်း ဆားဘီးယား အနေဖြင့် ကိုဆိုဗိုအားနိုင်ငံအဖြစ် တရားဝင်အသိအမှတ်မပြုမှုအပါအဝင် သဘောတူညီချက် များအပေါ် လိုက်ပါဆောင်ရွက်နိုင်မှုမရှိပါက နှစ်ဖက်ဆက်ဆံရေးမှာ အတိုင်းအတာ တစ်ခုထိသာ တိုးတက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment