Monday, May 15, 2023

တူကီယဲသမ္မတ အာဒိုဂန်သည် ရွေးကောက်ပွဲတွင် ထောက်ခံမဲအများဆုံးရရှိခဲ့ခြင်း

 Dailysabah; May-15(Mon)


တူကီယဲနိုင်ငံ၌ မေလ ၁၄ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲနှင့် သမ္မတ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdoğan) သည် ထောက်ခံမဲ ၄၉.၃၄ ရာခိုင်နှုန်း၊ အတိုက်အခံခေါင်းဆောင် ခမဲလ် ခီလစ်ဒရိုဂူလူ (Kemal Kilicdaroglu) သည် ၄၄.၉၉ ရာခိုင်နှုန်းနှင့် ကိုယ်စားလှယ် လောင်း ဆင်နန်အိုဂန် (Sinan Ogan) သည် ၅.၂၈ ရာခိုင်နှုန်းအသီးသီးရရှိခဲ့ပါသည်။ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအတွင်း ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းရရှိမှသာ အစိုးရဖွဲ့နိုင်မည်ဖြစ်သောကြောင့် ထောက်ခံမဲအများဆုံးရရှိသည့် သမ္မတ အာဒိုဂန်နှင့် အတိုက်အခံခေါင်းဆောင် ခမဲလ်ခီလစ်ဒရိုဂူလူတို့သည် လက်ရှိ ထုတ်ပြန်ထားသည့် ရလဒ်များအရ ဒုတိယအကျော့ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင် သွားရဖွယ်ရှိပါသည်။
ဒုတိယအကျော့ရွေးကောက်ပွဲကို မေလ ၂၈ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပြည်ပမှမဲပေးခြင်းကို မေလ ၂၀ ရက်မှ ၂၄ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ် ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် မဲပေးရန်အရည်အချင်းပြည့်မီသူ ၆၀.၇ သန်းရှိပြီး ၎င်းတို့အနက် ၈၉ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြပါသည်။ ထို့ပြင်ပြည်ပတွင် ရောက်ရှိနေသည့် မဲပေးရန်အရည်အချင်းပြည့်မီသူ နိုင်ငံသား ၁.၈ သန်းကလည်း ရွေးကောက်ပွဲတွင် မဲပေးခဲ့ ပါသည်။ မဲဆန္ဒနယ် ၈၇ ခုတွင် မဲရုံများကို နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ် ပေးခဲ့ပြီး မဲရေတွက်သည့် လုပ်ငန်းစဉ်ကို မေလ ၁၄ ရက် ည ၉ နာရီအချိန်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲများ၌ People’s Alliance ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdoğan)၊ Nation Alliance ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ခမဲလ်ခီလစ်ဒရိုဂူလူ (Kemal Kilicdaroglu) နှင့် Ancestral Alliance ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဆင်နန်အိုဂန် (Sinan Ogan) တို့က ဝင်ရောက်ရွေးကောက် ခံခဲ့ကြပါသည်။ အကယ်၍ ရွေးကောက်ပွဲတွင် သမ္မတကိုယ်စားလှယ်လောင်းတစ်ဦးကမျှ ထောက်ခံမဲကို ၅၀ ရာခိုင်နှုန်း ထက်ပို၍မရရှိပါက ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်း ၂ ဦးက ဒုတိယအကျော့ရွေးကောက်ပွဲပြုလုပ်၍ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

မေလ ၁၄ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲအတွင်း မဲပေးရန် အရည်အချင်း ပြည့်မီသူ ၆၄ သန်းရှိပြီး ၎င်းတို့အနက် ၈၉ ရာခိုင်နှုန်းနီးပါးမဲပေးခဲ့ကြပါသည်။ ထို့ပြင် ပြည်ပတွင်ရောက်ရှိနေသော မဲပေးရန်အရည်အချင်းပြည့်မီသူ နိုင်ငံသား ၃.၄ သန်းကလည်း မဲပေးခဲ့ပါသည်။ မဲဆန္ဒနယ် ၈၇ ခုတွင် မဲရုံများကို နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ပေးခဲ့ပါသည်။ မဲရေတွက်သည့် လုပ်ငန်းစဉ်ကို မေလ ၁၄ ရက် ည ၉ နာရီ အချိန်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် ထောက်ခံမဲအများဆုံး ရရှိခဲ့သော်လည်း ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်မရှိသဖြင့် မေလ ၂၈ ရက်တွင် ဒုတိယ အကျော့ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

သမ္မတ အာဒိုဂန်သည် ၂၀၀၃ ခုနှစ်ကတည်းက ဝန်ကြီးချုပ်ရာထူးဖြင့်လည်းကောင်း၊ သမ္မတရာထူးဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကြာမြင့်ပြီ ဖြစ်ပါသည်။ ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံရေးတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သော်လည်း နိုင်ငံမှာ တည်ငြိမ်အေးချမ်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် ရုရှား-ယူကရိန်းစစ်ရေး ပဋိပက္ခဖြစ်ပွားမှု တို့ကြောင့် နိုင်ငံ၏ ငွေကြေးကဏ္ဍတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့ရပြီး ပြည်သူ များ၏ စားဝတ်နေရေးအခက်အခဲဖြစ်ပွားမှုပမာဏ မြင့်တက်ခဲ့ရပါသည်။ အာဒိုဂန်သည် ရုရှား-ယူကရိန်းပဋိပက္ခတွင် တူကီယဲနိုင်ငံ၏ အကျိုးစီးပွားကိုသာ ရှေးရှုဆောင်ရွက်ခဲ့ပြီး အမေရိကန်နှင့် အတိုက်အခံကိစ္စများ ပေါ်ပေါက်ခဲ့ပါသည်။ သမ္မတ အာဒိုဂန်အပေါ် ပြည်သူများ၏ ထောက်ခံမှုကျဆင်းခဲ့သော်လည်း နိုင်ငံအရှေ့တောင်ပိုင်း၌ ဖေဖော်ဝါရီလတွင် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် သမ္မတ အာဒိုဂန်အပေါ် ပြည်သူများ၏ ယုံကြည်မှု ပြန်လည် မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ သမ္မတ အာဒိုဂန်အနေဖြင့် မေလ ၂၈ ရက် တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကျော့ရွေးကောက်ပွဲတွင်လည်း ပြည်သူများ၏ ထောက်ခံမှု အများဆုံးရရှိနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment