Monday, May 29, 2023

တူကီယဲရွေးကောက်ပွဲတွင် သမ္မတ အာဒိုဂန် အနိုင်ရရှိကြောင်း ရွေးကောက်ပွဲဘုတ်အဖွဲ့က ကြေညာခဲ့ခြင်း

Xinhua;May-29(Mon)


လက်ရှိသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တူကီယဲရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီ ဥက္ကဋ္ဌ အာမတ်ရီနာ (Ahmet Yener) က ကြေညာခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၄၇.၈၆ ရာခိုင်နှုန်းရရှိထားသည့် ၎င်း၏ပြိုင်ဘက် ခီမဲလ်ခီလစ်ဒရိုဂူလူ (Kemal Kilicdaroglu) အား မဲအရေအတွက် ၅၂.၁၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် မဲရေတွက်မှု ၉၉.၄၃ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း အာမတ်ရီနာက ပြောကြားခဲ့ပါသည်။ မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် သမ္မတ အာဒိုဂန်သည် ထောက်ခံမဲ ၄၉.၅၂ ရာခိုင်နှုန်း၊ ခီမဲလ်ခီလစ် ဒရိုဂူလူသည် ၄၄.၈၈ ရာခိုင်နှုန်းနှင့် ဆင်နန်အိုဂန် (Sinan Ogan) သည် ၅.၁၇ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပါသည်။

အဆိုပါ ပထမအကျော့ယှဉ်ပြိုင်မှုတွင် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိသည့် ကိုယ်စားလှယ်လောင်းထွက်ပေါ်ခဲ့ခြင်းမရှိသည့်အတွက် မေလ ၂၈ ရက်တွင် မဲအများဆုံးရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း ၂ ဦးအား ရွေးချယ်၍ ဒုတိယအကျော့ ပြန်လည်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပါသည်။ သမ္မတ အာဒိုဂန်၏ ပြည်သူ့မဟာမိတ်အဖွဲ့သည် လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ ၆၀၀ အနက် ၃၂၃ နေရာရရှိခဲ့ပြီး အတိုက်အခံ Nation Alliance ပါတီသည် အမတ် ၂၁၂ နေရာရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ ၅၄ သန်းနီးပါးရှိခဲ့သဖြင့် ၈၆.၉၈ ရာခိုင်နှုန်းခန့်မဲပေးခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတ အာဒိုဂန်သည် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပါလီမန်စနစ်မှ သမ္မတစနစ်သို့ ပြောင်းလဲပြင်ဆင်၍ လူထု ဆန္ဒခံယူပွဲကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် တူကီယဲနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်လာခဲ့ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment