Tuesday, May 9, 2023

ဆားဘီးယား၌ ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများက အစိုးရအားဆန္ဒပြခဲ့ခြင်း

Anadolu Agency; May-9 (Tue)


ဆားဘီးယားနိုင်ငံ၏ မြို့တော် ဘဲလ်ဂရိတ် (Belgrade) ၌ ၄၈ နာရီအတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၇ ဦးထက်မနည်းသေဆုံးခဲ့ပြီးနောက် ထောင်နှင့် ချီသော ပြည်သူများသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ရပ်ကို မေလ ၈ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ အတိုက်အခံပါတီများ၏ ဦးဆောင်မှုဖြင့် ဆန္ဒပြသူများသည် နိုဗီဆက်ဒ် (Novi Sad) နှင့် နစ် (Nis) မြို့များ၌ စုဝေးခဲ့ကြပါသည်။ ထို့နောက် ၎င်းတို့သည် မီဒီယာနှင့် အများပြည်သူဆိုင်ရာနေရာများ၌ အကြမ်းဖက်မှုများအား ချက်ချင်းအဆုံးသတ် ပေးရန်တောင်းဆိုခဲ့ပြီး ပညာရေးဝန်ကြီး ဘရန်ကိုရူဇစ် (Branko Ruzic)၊ ပြည်ထဲရေး ဝန်ကြီး ဘရားတစ်ဆလစ်ဗ်ဂက်စစ် (Bratislav Gasic) နှင့် လုံခြုံရေးနှင့် ထောက်လှမ်းရေး အဖွဲ့ညွှန်ကြားရေးမှူး အလက်ဇန်းဒါးဗူလင် (Aleksandar Vulin) တို့အား ရာထူးမှ ထုတ်ပယ်ပေးရန်လည်း တောင်းဆိုခဲ့ပါသည်။

ဆန္ဒပြသူများသည် လွှတ်တော်အစည်းအဝေးအား အရေးပေါ်ခေါ်ယူကျင်းပရန်နှင့် နိုင်ငံအတွင်းလုံခြုံရေးအခြေအနေနှင့် အစိုးရ၏လုပ်ငန်းတာဝန်များတွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုးထပ်မံမဖြစ်ပွားစေရေး ရေရှည်အကောင်အထည်ဖော်ဖြေရှင်းနိုင်ရန် စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း တောင်းဆိုခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့သည် အဆိုပါအစည်းအဝေးကို မေလ ၁၂ ရက် နောက်ဆုံးထား၍ ပြုလုပ်ပေးရန်နှင့် သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) ကိုလည်း ရာထူးမှနုတ်ထွက်ပေးရန်နှင့် ဆားဘီးယားနိုင်ငံပိုင်တီဗီ (RTS) ၏စီမံခန့်ခွဲမှုမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ပါ သည်။ ဆန္ဒပြပွဲများမှအဆိုပြုချက်အချို့အား ကြားနာရမည်ဟု မျှော်မှန်းထားသော်လည်း ယခုတောင်းဆိုမှုများသည် အတိုက်အခံများက ပြည်သူများ၏ စိတ်ခံစားချက်ကို အလွဲသုံးစားပြုလုပ်နေခြင်းသာဖြစ်ကြောင်း သမ္မတ ဘူစစ်က ဆားဘီးယားနိုင်ငံပိုင် သတင်းဌာနများနှင့် Happy TV ရုပ်သံလိုင်းတို့တွင် မှတ်ချက်ပြုပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

ဆားဘီးယားနိုင်ငံ၏ မြို့တော် ဘဲလ်ဂရိတ်တွင် မေလ ၃ ရက်နှင့် ၄ ရက် ညပိုင်းတို့တွင် သေနတ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမားဟု သံသယရှိသူအား မေလ ၅ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိပါသည်။ ထို့နောက် ဆားဘီးယားပြည်ထဲရေးဝန်ကြီးဌာနသည် မှတ်ပုံမတင်ထားသော လက်နက်များအားလုံးကို သက်ဆိုင်ရာသို့ လာရောက်အပ်နှံရန်နှင့် လက်ဝယ်ထားရှိပါက ထောင်ဒဏ်ကျခံရနိုင်သည့်အခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်း မေလ ၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လက်နက်အပ်နှံခြင်းလုပ်ငန်းစဉ်ကို မေလ ၈ ရက်တွင် စတင် လုပ်ဆောင်ခဲ့ပြီး အဆိုပါနေ့မှာပင် သေနတ် ၁,၅၀၀ လက်၊ ကျည် ၅၀,၀၀၀ တောင့်နှင့် ဗုံးသီးအလုံး ၁၀၀ ကျော်ကို လက်ခံရရှိခဲ့ပါသည်။

အစိုးရအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေသော်လည်း တိုက်ခိုက်မှုဖြစ်ပွား ခဲ့ရသည့်ဖြစ်စဉ်အပေါ် မကျေနပ်သည့်ပြည်သူများက အတိုက်အခံပါတီများ၏ ဦးဆောင်မှုဖြင့် မေလ ၈ ရက်နှောင်းပိုင်းတွင် အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့ပါသည်။ ၎င်းတို့သည် အကြမ်းဖက်မှုများအား ရပ်တန့်ပေးရန်၊ ပညာရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် လုံခြုံရေးထောက်လှမ်းရေးအေဂျင်စီမှ ညွှန်ကြားရေးမှူးတို့အား ရာထူးမှထုတ်ပယ်ပေးရန်၊ လွှတ်တော်အစည်းအဝေးကို မေလ ၁၂ ရက်နောက်ဆုံးထား၍ ဆောင်ရွက်ပေးရန်၊ သမ္မတအား ရာထူးနှင့် ဆားဘီးယားနိုင်ငံပိုင်တီဗီ (RTS) ၏ စီမံခန့်ခွဲမှုတို့မှ နုတ်ထွက် ပေးရန်တောင်းဆိုခဲ့ပါသည်။

အဆိုပါ ၃ ဦးအနက် ပညာရေးဝန်ကြီး ဘရန်ကိုရူဇစ်သည် မေလ ၇ ရက် ကတည်းက ၎င်း၏ နုတ်ထွက်စာကို ဝန်ကြီးချုပ် အန်နာဘာနာဘစ် (Ana Brnabic) ထံ တင်ပြထားပြီးဖြစ်ပါသည်။ ဆန္ဒပြပွဲများမှ အဆိုပြုချက်အချို့အား ကြားနာရမည်ဟု မျှော်လင့်သော်လည်း ယခုတောင်းဆိုမှုများသည် အတိုက်အခံများက ပြည်သူများ၏ စိတ်ခံစားချက်ကို အလွဲသုံးစားလုပ်နေခြင်းသာဖြစ်ကြောင်း သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က ပြောကြားခဲ့ပါသည်။ အဆိုပါကဲ့သို့ ဖြစ်ပွားပြီးနောက် နိုင်ငံ အတွင်းရှိ ကျောင်း ၁၈၀၀ တွင် တစ်ကျောင်းလျှင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးစီ တပ်ဖြန့် ချထားခဲ့ပါသည်။ သို့ဖြစ်၍ ဆားဘီးယားနိုင်ငံ၏ အစိုးရအပေါ်ဆန္ဒပြမှုသည် အစိုးရ၏ လုံခြုံရေးအားနည်းချက်ကို ထောက်ပြသည့် ဆန္ဒပြမှုမျိုးသာဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment