Tuesday, May 16, 2023

မော်ဒိုဗာနိုင်ငံသည် CIS မှ နုတ်ထွက်ရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်သွားမည်ဆိုခြင်း

 Anadolu Agency; May-16(Tue)


မော်ဒိုဗာနိုင်ငံအနေဖြင့် လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (Commonwealth of Independent States-CIS) မှ နုတ်ထွက်ရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မေလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါ သည်။ CIS တွင် မော်ဒိုဗာနိုင်ငံ၏ ပူးပေါင်းပါဝင်မှုသည် ၎င်းနိုင်ငံမှ ခွဲထွက်ထားသည့် ထရန်နစ္စထရီးယား (Transnistrain) ‌ဒေသပဋိပက္ခဖြေရှင်းရေးအတွက် အထောက်အကူ မပြုသည့်အပြင် မော်ဒိုဗာနိုင်ငံနယ်နိမိတ်အတွင်း တပ်စွဲထားသော ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းပေးရေးအတွက်လည်း ကူညီဆောင်ရွက်ပေးမှုမရှိကြောင်း မော်ဒိုဗာလွှတ်တော် ဥက္ကဋ္ဌ အီဂေါဂရိုဆု (Igor Grosu) က ပြောကြားခဲ့ပါသည်။ CIS သည် ပြီးခဲ့သည့် ဆောင်းရာသီကာလအတွင်း မော်ဒိုဗာရင်ဆိုင်ခဲ့ရသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများနှင့် စွမ်းအင်အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အပြင် အဖွဲ့ဝင်နိုင်ငံများ ကိုလည်း စစ်ရေးတိုက်ခိုက်မှုများ၊ စစ်ပွဲများနှင့် တရားမဝင်နယ်မြေသိမ်းပိုက်မှုများမှ ကာကွယ်နိုင်မှုမရှိခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။အထက်ပါအကြောင်းအရင်းများကြောင့် မော်ဒိုဗာနိုင်ငံသည် CIS မှ နုတ်ထွက် သွားရန် စီစဉ်ခြင်းဖြစ်ကာ အဆိုပါနုတ်ထွက်မှုအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် တောင်းဆိုသည့်စာကို ဝန်ကြီးချုပ် ဒိုရင်းရစ်စီရမ် (Dorin Recean) ထံသို့ ဂရိုဆုက လုပ်ထုံး လုပ်နည်းများနှင့်အညီ ပေးပို့သွားမည်ဖြစ်ကြောင်း မော်ဒိုဗာလွှတ်တော်က ထုတ်ပြန်ထား ပါသည်။ မော်ဒိုဗာသည် နိုင်ငံ၏ ဥရောပဒေသပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်အရ CIS သဘောတူညီချက်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ပြည်တွင်း မီဒီယာများနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ နိုင်ငံခြား‌ရေးဝန်ကြီး နီချူ ပေါ့စ်ဆူ (Nicu Popescu) က ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားခဲ့ပြီးနောက် CIS အုပ်ချုပ်ရေးကဏ္ဍရှိ ၎င်း၏ ကိုယ်စားလှယ်အဖွဲ့များကို မတ်လတွင် ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ CIS သည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ထွက်ပေါ်လာသောနိုင်ငံများက စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ၁၉၉၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (Commonwealth of Independent States-CIS) သဘောတူစာချုပ်ကို ရုရှား၊ ယူကရိန်းနှင့် ဘီလာရုဇ်နိုင်ငံများက ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် သဘောတူလက်မှတ်ရေးထိုးဖွဲ့စည်းခဲ့ကြပြီး ဆိုဗီယက် ပြည်ထောင်စုဝင်ဟောင်းများဖြစ်ကြသည့် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန် စသောနိုင်ငံများ ထပ်မံပူးပေါင်းပါဝင်ခဲ့ကြပါသည်။ CIS အဖွဲ့ကို ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဥပဒေစိုးမိုးရေး စသောမူဝါဒများ ချမှတ်ရာတွင် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

အဖွဲ့ဝင်နိုင်ငံများတွင် ဂျော်ဂျီယာနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရုရှား-ဂျော်ဂျီယာ ပဋိပက္ခအပြီး ၂၀၀၉ ခုနှစ်တွင် CIS မှ နုတ်ထွက်ခဲ့ပါသည်။ ယူကရိန်း နိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ကြောင်း တွေ့ရှိ ရပါသည်။ ထို့အတူ မော်ဒိုဗာနိုင်ငံသည်လည်း ဥရောပသမဂ္ဂ (European Union-EU) နှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လာမှုနှင့်အတူ တစ်ဖက်တွင်လည်း ရုရှားဦးဆောင်သည့် CIS အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆိုင်းငံ့ထားပြီး ယခုအခါတရားဝင်နုတ်ထွက်ရန် ပြင်ဆင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ မော်ဒိုဗာနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ မတ်လတွင် EU သို့ ဝင်ရောက်ခွင့်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အဖွဲ့ဝင်လောင်း အဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ ထိုကဲ့သို့ EU အဖွဲ့ဝင်လောင်းအဖြစ် သတ်မှတ်ခံရမှု အပေါ်တွင် မော်ဒိုဗာအနေဖြင့် CIS မှ နုတ်ထွက်ပါက EU အဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ပြီး NATO အဖွဲ့သို့လည်း ဝင်ရောက်နိုင်ပါသည်။

ရုရှား-ယူကရိန်းပဋိပက္ခကာလအတွင်း မော်ဒိုဗာနိုင်ငံသည် EU ၏ အဖွဲ့ဝင် နိုင်ငံလောင်းအဖြစ် သတ်မှတ်ခံရခြင်းသည် အနောက်အုပ်စု၏ အင်အားချဲ့ထွင်မှုအစိတ်အပိုင်း တစ်ခုပင်ဖြစ်ပါသည်။ အ‌နောက်အုပ်စုသည် ရုရှားကို ဝိုင်းပတ်ပိတ်ဆို့ ဖိအားပေးနိုင်ရေး အတွက် မော်ဒိုဗာအပါအဝင် ဂျော်ဂျီယာနှင့် ယူကရိန်းနိုင်ငံများကိုလည်း EU နှင့် NATO အဖွဲ့များသို့ ဝင်ရောက်ခွင့်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ အနောက်အုပ်စုနိုင်ငံများ၏ တစ်ဖက်သတ်အင်အားချဲ့ထွင်လွှမ်းမိုးရန် ကြိုးပမ်းမှုများသည် EU နှင့် ရုရှားတို့၏ ဆက်ဆံရေးကို လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားလာနိုင်ပါသည်။ သို့ဖြစ်၍ EU အဖွဲ့သို့ ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မော်ဒိုဗာနှင့် ရုရှားတို့၏ ဆက်ဆံရေးတွင် တင်းမာမှုများရှိလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါ သည်။

No comments:

Post a Comment