The National News; May-30(Tue)
ဆားဘီးယားနိုင်ငံအတွင်း တင်းမာမှုများမြင့်တက်နေစဉ် ကိုဆိုဗိုရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များအပေါ် အကြောင်းမဲ့တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ NATO အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။ ဆာ့ဘ်လူမျိုးဆန္ဒပြသူများသည် မကြာသေးမီက ရွေးကောက်ခံခဲ့ရသော အယ်လ်ဘေးနီးယား လူမျိုး မြို့တော်ဝန်များကို ဖယ်ရှားပေးရန် တောင်းဆိုနေစဉ် အထက်ပါတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်းနှင့် တင်းမာမှုများ ပိုမိုကြီးထွားလာစေမည့်လုပ်ရပ်များကို နှစ်ဖက်စလုံးမှ ရှောင်ကြဉ်ရန်နှင့် နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်းမှုပြုလုပ်ကြရန် NATO အဖွဲ့က တောင်းဆိုခဲ့ပါသည်။တိုက်ခိုက်မှုအတွင်း ဆာ့ဘ်လူမျိုး ၅၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာ တစ်ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း ဆားဘီးယားအစိုးရပိုင် RTS ရုပ်သံဌာနက ပြောကြားခဲ့ပါသည်။ ထို့ပြင် အီတလီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာဂျနီ (Antonio Tajani) က ပြောကြားခဲ့ပြီး အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) ကလည်း တင်းမာမှုများလျှော့ချရန် NATO အဖွဲ့နှင့်အတူ တောင်းဆိုခဲ့ပါသည်။ ပြီးခဲ့သောဧပြီလအတွင်း မြောက်ပိုင်းမြို့များ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃.၅ ရာခိုင်နှုန်းအောက်သာ လာရောက်မဲပေးခဲ့ပြီး ရွေးကောက်ပွဲတွင် အယ်လ်ဘေးနီးယားလူမျိုးများက အနိုင်ရရှိခဲ့ရာ ၎င်းတို့သည် ဒေသန္တရ ကောင်စီနေရာများကို ထိန်းချုပ်ခွင့်ရရှိခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲကို ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများက သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
အမေရိကန်၏ထောက်ခံမှုဖြင့် ၂၀၀၈ ခုနှစ်တွင် လွတ်လပ်ရေးကြေညာခဲ့သော ကိုဆိုဗိုသည် ဆားဘီးယားနိုင်ငံ၏ ပြည်နယ်ဟောင်းတစ်ခုဖြစ်ပြီး ၎င်း၏ မြောက်ပိုင်းတွင် လူမျိုးစုများအကြား ထိတွေ့မှုများ မကြာခဏဖြစ်ပွားလျက်ရှိပါသည်။ လူဦးရေ ၁.၈ သန်း နေထိုင်လျက်ရှိသော ကိုဆိုဗိုတွင် ဆာ့ဘ်လူမျိုး ၁၂၀,၀၀၀ ခန့် နေထိုင်ကြပြီး အများစုမှာ အယ်လ်ဘေးနီးယားလူမျိုးများဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် ကိုဆိုဗို မြောက်ပိုင်း၌ ဒေသန္တရရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃.၅ ရာခိုင်နှုန်းအောက်သာ မဲပေးခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် အယ်လ်ဘေးနီးယားလူမျိုးများက အနိုင်ရရှိခဲ့ရာ မေလ ၂၅ ရက်တွင် မြို့တော်ဝန်များ အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါသည်။ ဆားဘီးယားအစိုးရသည်လည်း ကိုဆိုဗိုတွင် အယ်လ်ဘေးနီးယားလူမျိုးများအား မြို့တော်ဝန်များအဖြစ် တာဝန်ထမ်းဆောင်ရန် လိုလား လျက်ရှိပါသည်။ ထို့ကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများက မကျေနပ်၍ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပါသည်။
မေလ ၂၉ ရက်တွင် ဆာ့ဘ်လူမျိုးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့မှု ဖြစ်ပွားခဲ့ရာ တိုက်ခိုက်မှုအတွင်း ဆာ့ဘ်လူမျိုး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာ တစ်ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် ကိုဆိုဗိုရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၅ ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ NATO အဖွဲ့သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဆာ့ဘ်လူမျိုးများနှင့် ကိုဆိုဗိုအစိုးရတို့အကြား စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။
ကိုဆိုဗိုနှင့် ဆားဘီးယားအစိုးရတို့အကြား မကြာခဏ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်းမှုများကို အကြိမ်ကြိမ်ပြုလုပ်ရလျက်ရှိပါ သည်။ ကိုဆိုဗိုနှင့် ဆားဘီးယားအစိုးရတို့သည် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံအကြား ကျေနပ်လောက်သည့်အဖြေမျိုး ရရှိခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ဆားဘီးယားအစိုးရသည် ယခင်ကတည်းက ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများကို နည်းမျိုးစုံသုံး၍ ကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု ပြောကြားခဲ့ဖူးပါသည်။ ယခုဖြစ်စဉ်ကြောင့် ဆားဘီးယားအစိုးရသည် ၎င်း၏ တပ်ဖွဲ့ဝင်များကို ဆားဘီးယား-ကိုဆိုဗိုနယ်စပ်သို့ စေလွှတ်တပ်ဖြန့်ချထားလျက်ရှိပါသည်။ သို့ဖြစ်၍ ယခုဖြစ်စဉ်သည် ကိုဆိုဗိုအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်ရုံသာမက ဆားဘီးယား-ကိုဆိုဗိုဆက်ဆံရေးကို ပိုမို ဆိုးဝါးလာနိုင်ဖွယ်ရှိပြီး NATO အဖွဲ့အနေဖြင့်လည်း ယခုကဲ့သို့ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွား နိုင်စေရန် စေ့စပ်ညှိနှိုင်းမှုများကို ယခင်ကထက်ပို၍ လုပ်ဆောင်လာနိုင်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment