Monday, June 19, 2023

ဆော်ဒီနိုင်ငံသည် တူကီယဲနိုင်ငံထံမှ မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များ ဝယ်ယူရေး သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်း

Mehr News Agency; Jul-19(Wed)

ဆော်ဒီအာရေဗျနိုင်ငံသည် တူကီယဲနိုင်ငံထံမှ AKIHCI TIHA အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များဝယ်ယူရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါသဘောတူညီချက်သည် တူကီယဲနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး စစ်လက်နက်ပစ္စည်း ရောင်းချရေးသဘောတူညီချက်တစ်ရပ်ဖြစ်ကြောင်း Mehr News Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

တူကီယဲနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဆက်ဆံရေးသည် အာရပ်နွေဦး တော်လှန်ရေးစတင်မှုနှင့်အတူ ကူးစက်လာသော ယီမင်ပြည်တွင်းစစ်၊ ၂၀၁၇ ခုနှစ် အတွင်း ဆော်ဒီနိုင်ငံက ကာတာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေးဖြတ်တောက်မှုနှင့် ၂၀၁၈ ခုနှစ်အတွင်း တူကီယဲရှိ ဆော်ဒီသံရုံး၌ သတင်းထောက် ဂျမဲခါရှော့ချီ (Jamal Khashoggi) အသတ်ခံရမှု စသည့်ဖြစ်ရပ်များတွင် နှစ်နိုင်ငံဆက်ဆံရေးလွန်စွာဆိုးရွား နေခဲ့ပါသည်။ ထို့ပြင် တူကီယဲနိုင်ငံ၏ အိမ်နီးချင်းရန်ဘက် ဂရိနိုင်ငံနှင့် ဆော်ဒီနိုင်ငံတို့ အကြား စစ်ရေးပူးပေါင်းလေ့ကျင့်မှုများပြုလုပ်ရန် ၂၀၂၁ ခုနှစ်၊ မတ်လလယ်ပိုင်းတွင် ဆော်ဒီ F-15C တိုက်လေယာဉ်တစ်စီးသည် ဂရိပိုင် Crete ကျွန်းသို့ ရောက်ရှိခဲ့ပါသည်။ ထို့နောက် တူကီယဲခေါင်းဆောင်များသည် ဆော်ဒီနိုင်ငံနှင့် ဂရိနိုင်ငံတို့အကြား ဆက်ဆံ ရေးကို စိုးရိမ်ပူပန်မှုများရှိလာခဲ့ပြီးနောက် ဆော်ဒီနိုင်ငံနှင့် ဆက်ဆံရေးအား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ အာဒိုဂန်သည် နှစ်နိုင်ငံစီးပွားရေး ဆက်ဆံမှုတိုးမြှင့်ရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဆော်ဒီနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ အပြန်အလှန်အားဖြင့် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တူကီယဲ-ဆီးရီးယားငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း တူကီယဲနိုင်ငံစီးပွားရေး မြှင့်တင်မှု တွင် ထောက်ပံ့ကူညီမှုများပေးသွားမည်ဟု ဆော်ဒီနိုင်ငံက ကတိပြုခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။

ယခုခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက်သည် AKIHCI TIHA အမျိုးအစားမောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် ပူးပေါင်းထုတ်လုပ်ရောင်းချရေး သဘော တူညီချက်ဖြစ်ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းသဘောတူညီချက်သည် ဆော်ဒီနိုင်ငံ၏ကာကွယ်ရေးနှင့် ထုတ်လုပ်ရောင်းချနိုင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့်အပြင် ဆော်ဒီစစ်ဘက်၏ စစ်ရေးအသင့်ဖြစ်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ငွေကြေးပမာဏအား ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အဆိုပါသဘောတူညီ ချက်သည် တူကီယဲသမိုင်းတစ်လျှောက်အကြီးမားဆုံး စစ်လက်နက်ပစ္စည်းရောင်းချရေး သဘောတူညီချက်ဖြစ်ကြောင်း Baykar ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ ပါသည်။ NIKKEI Asia သတင်းဌာနကမူ သဘောတူညီချက်အနေဖြင့် အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့်ရှိမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။

Bayraktar Akinci အမျိုးအစားမောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်သည် ဝေဟင်မှ မြေပြင်နှင့် ဝေဟင်မှ ဝေဟင်တိုက်ခိုက်ရေးမစ်ရှင်များကို ထမ်းဆောင်နိုင်ပြီး ၂၄ နာရီ ကြာပျံသန်းနိုင်စွမ်းရှိပါသည်။ အမြင့်ပေ ၃၀,၀၀၀ မှ ၄၀,၀၀၀ ကြား၊ အဝေးဆုံး ၇,၅၀၀ ကီလိုမီတာ (မိုင် ၄,၀၀၀) အထိပျံသန်းနိုင်ပြီး Laser Guided Smart Munitions နှင့် ဒုံးကျည်အလေးချိန် ၁,၅၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပါသည်။ လက်ရှိတွင် တူကီယဲ၊ လစ်ဗျားနှင့် ပါကစ္စတန်လေတပ်တို့တွင် အသုံးပြုနေပြီး အနာဂတ်ကာလတွင် အဇာဘိုင်ဂျန်၊ ကာဂျစ်စတန်၊ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်လေတပ် တို့က မှာယူအသုံးပြုသွားမည်ဖြစ်ပါသည်။ ၎င်းလေယာဉ်များသည် တူကီယဲ-ဆီးရီးယား ငလျင်လှုပ်ခတ်မှုဇုန်အတွင်း သတင်းအချက်အလက်များကောက်ယူရန် နာရီပေါင်း ၁၅၅၁ နာရီ ပျံသန်းခဲ့ပြီး အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်သူပုန်ချေမှုန်းရေး စစ်ဆင်မှုတွင်လည်း တူကီယဲလေတပ်က အသုံးပြုလျက်ရှိပါသည်။ ထိုသို့ဒေသတွင်း ဦးဆောင်နေသော နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍဆက်ဆံမှု ခိုင်မာအားကောင်းလာခြင်းဖြင့် အာရပ် ကမ္ဘာငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေသကဲ့သို့ အဆိုပါသဘောတူညီမှုကြောင့် စစ်ရေးမစ်ရှင်အပြင် အခြားသော သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်း များအတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment