Friday, June 30, 2023

ပိုလန်နိုင်ငံသည် NATO အဖွဲ့၏ နျူကလီးယားလက်နက်များမျှဝေရေးအစီအစဉ်တွင် ပါဝင်ရန်ဆန္ဒရှိသည်ဆိုခြင်း

The First News; Jul-1 (Sat)

ဘီလာရုဇ်နိုင်ငံတွင် ရုရှားနိုင်ငံ၏ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်များ တပ်ဖြန့်ချထားခဲ့ပြီးနောက်တွင် ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ၎င်းနိုင်ငံအနေဖြင့် NATO အဖွဲ့၏ နျူကလီးယားလက်နက်မျှဝေရေး အစီအစဉ်တွင် ပါဝင်ရန်ဆန္ဒရှိကြောင်း ဇွန်လ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်းသည့် အပြီးသတ်ဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံနှင့် NATO အဖွဲ့ အတွင်းရှိ မိတ်ဖက်နိုင်ငံများအပေါ်တွင် မူတည်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ NATO အဖွဲ့၏ နျူကလီးယားလက်နက်မျှဝေရေးအစီအစဉ်သည် နျူကလီးယား လက်နက်ပိုင်ဆိုင်မှုမရှိသည့် အဖွဲ့ဝင်နိုင်ငံများအတွက် ပိုမိုအဆင်ပြေစေမည်ဖြစ်ပါသည်။


အဆိုပါအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နျူကလီးယားလက်နက် များကို ထောက်ပံ့ပေးနိုင်သည့်နိုင်ငံမှာ အမေရိကန်နိုင်ငံသာဖြစ်ကြောင်းနှင့် အမေရိကန်သိပ္ပံ ပညာရှင်များအဖွဲ့ချုပ်၏ ခန့်မှန်းချက်များအရ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူကီယဲနိုင်ငံတို့ရှိ အခြေစိုက်စခန်း ၆ ခုတွင် B-61 နျူကလီးယားဗုံး အလုံး ၁၀၀ ခန့် တပ်ဖြန့်ချထားကြောင်း The First News သတင်းဌာနက ဖော်ပြထားပါသည်။ ပိုလန်နိုင်ငံအား NATO အဖွဲ့၏ နျူကလီးယားလက်နက်မျှဝေရေးအစီအစဉ်တွင် ပါဝင်ထည့်သွင်းခြင်း ပြု/မပြုကိုမူ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က တစ်စုံတစ်ရာမှတ်ချက်ပြု ပြောကြားခဲ့ခြင်းမရှိပေ။ ရုရှားနှင့် ဘီလာရုဇ် နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများသည် ဘီလာရုဇ်နိုင်ငံအတွင်း ရုရှားနိုင်ငံ၏ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်များ တပ်ဖြန့်ချထားရန်အတွက် သဘောတူစာချုပ် တစ်ခုကို ပြီးခဲ့သည့် မေလ ၂၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment