Monday, July 10, 2023

Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံသည် တူကီယဲပြည်တွင်းစီးပွားရေးကို ကောင်းမွန်စွာမြှင့်တင်ပေးနိုင်မည်ဆိုခြင်း

Hurriyet Daily News; Jul-10(Mon)

တူကီယဲနိုင်ငံတောင်ပိုင်းရှိ မာဆင် (Mersin) စီရင်စု၌ တည်ဆောက်လျက် ရှိသော Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံသည် ပြည်တွင်းစီးပွားရေးကို ကောင်းမွန်စွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်ကိုကိုးကား၍ Hurriyet Daily News သတင်းဌာနက ဇူလိုင်လ ၁၀ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါဓာတ်အားပေးစက်ရုံ စတင်တည်ဆောက်ချိန်မှစ၍ စီလစ်ဖ် (Silijke) မြို့ရှိ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သည်များအသင်းတွင် လုပ်ငန်းသစ်ပေါင်း ၅၀၀ ကျော် မှတ်ပုံတင်ထားရှိကြပြီး ကုမ္ပဏီအရေအတွက်ပေါင်း ၁,၀၀၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပါသည်။ ထို့ပြင် အဆိုပါစီမံကိန်းတွင် လူပေါင်း ၂၅,၀၀၀ ခန့် အလုပ်အကိုင် ရရှိထားပါသည်။

တူကီယဲနိုင်ငံတွင် မကြာမီကာလအတွင်း ပထမဆုံး နျူကလီးယားဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး ၂၀၂၈ ခုနှစ်တွင် နျူကလီးယားစီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး စီစဉ်ထားပါသည်။ အဆိုပါ နျူကလီးယားဓာတ်အားပေးစက်ရုံတွင် VVER-1200 အမျိုးအစားအဏုမြူဓာတ်ပေါင်းဖို ၄ လုံးပါဝင်ပြီး အပြည့်အဝလည်ပတ်နိုင်မည်ဆိုပါက နှစ်စဉ် လျှပ်စစ်ဓာတ်အား ၃၅ ဘီလီဘံ ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ အဆိုပါပမာဏသည် တူကီယဲနိုင်ငံ စွမ်းအင် သုံးစွဲမှု၏ ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကုမ္ပဏီ Rosatom က တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment