Yonhap; Jul-13(Thu)
တောင်ကိုရီးယားနိုင်ငံအနေဖြင့် ပိုလန်နိုင်ငံနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်လုပ်ဆောင်ခြင်းမှတစ်ဆင့် ယူကရိန်းနိုင်ငံအား ထောက်ပံ့ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယောလ် (Yoon Suk Yeol) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Yonhap သတင်းဌာနက ဇူလိုင်လ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ သမ္မတ ယွန်းဆွတ်ခ်ယောလ်အနေဖြင့် လစ်သူရေးနီးယားနိုင်ငံ၊ ဗီလ်နီးယပ်စ် (Vilnius) မြို့၌ပြုလုပ်သော NATO ထိပ်သီးအစည်းအဝေးသို့တက်ရောက်အပြီး ပိုလန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် ပိုလန်နိုင်ငံပိုင် Rzeczpospolita သတင်း ဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ် ပါသည်။ ထို့ပြင် တောင်ကိုရီးယား-ပိုလန် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးသည် စီးပွားရေး ကဏ္ဍအပါအဝင် ကုန်သွယ်ရေးကဏ္ဍ ပူးပေါင်းလုပ်ဆောင်မှုများမှတစ်ဆင့် တိုးတက် ကောင်းမွန်လျက်ရှိကြောင်းနှင့် ယူကရိန်းနိုင်ငံအတွင်း ပြန်လည်တည်ဆောက်ရေးစီမံကိန်း များအား ထောက်ပံ့ကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ယွန်းက ပြောကြား ခဲ့ပါသည်။
ပိုလန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၏ ကြီးမားသောကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အဓိကအားဖြင့် ကာကွယ်ရေးစက်မှုပစ္စည်းတင်ပို့ရောင်းချရာ မိတ်ဖက်နိုင်ငံဖြစ်ကြောင်း သမ္မတ ယွန်းက အလေးထားပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားအာဏာပိုင်များ၏ သတင်းအချက်အလက်များအရ ပိုလန်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း တောင်ကိုရီးယား နိုင်ငံထံမှ K2 တင့်ကားများ၊ K9 ယာဉ်တင်ဟောင်ဝစ်ဇာအမြောက်များအပါအဝင် FA-50 တိုက်လေယာဉ်များဝယ်ယူရန် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅.၆ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များအား လက်မှတ်ရေးထိုးထားသည်ဟု သတင်းဌာနက ရေးသား ဖော်ပြထားပါသည်။ ထို့ပြင် သမ္မတ ယွန်းဆွတ်ခ်ယောလ်အနေဖြင့်လည်း တောင်ကိုရီးယားနှင့် ပိုလန်နိုင်ငံတို့အကြား ပူးတွဲတီထွင်ထုတ်လုပ်မှုနှင့် သုတေသနများပြုလုပ်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့် ထားကြောင်း သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment