The Defense Post; Jul-7(Fri)
ဗြိတိန်နှင့် ပိုလန်နိုင်ငံတို့သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ စသည့်ကဏ္ဍရပ်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဇူလိုင်လ ၇ ရက်တွင် The Defense Post သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါစာချုပ်သည် နိုင်ငံတကာစနစ်အား ကာကွယ်ရန်၊ နယ်မြေပိုင်ဆိုင်မှု၊ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု တို့အား အပြန်အလှန်ကာကွယ်စောင့်ရှောက်ရန်နှင့် တရားမျှတသော ကုန်သွယ်မှုအား ကာကွယ်ရန် ၎င်းတို့နှစ်နိုင်ငံ၏ ကတိကဝတ်များအပေါ် အလေးထားချုပ်ဆိုခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံအနေဖြင့် အနာဂတ်တွင်လည်း မျိုးဆက်သစ်ကာကွယ်ရေးပစ္စည်းများ ပူးပေါင်း တီထွင်ထုတ်လုပ်ခြင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများအား တိုးမြှင့်ပြုလုပ်ခြင်းနှင့် NATO အဖွဲ့နှင့် ဆက်နွှယ်သောမစ်ရှင်များအတွင်း နှစ်နိုင်ငံအပြန်အလှန်ကူညီထောက်ပံ့မှုပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။
ဗြိတိန်နှင့် ပိုလန်နိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပဒေသအတွင်း လွတ်လပ်ရေးကို ထိန်းသိမ်းရန် အတူတကွတိုက်ပွဲဝင်ခဲ့ကြသော မိတ်ဖက်နိုင်ငံများ ဖြစ်ကြပြီး လက်ရှိတွင်လည်း ယူကရိန်းနိုင်ငံအား ရှေ့တန်းကျကျထောက်ပံ့ပေးလျက် ရှိသောနိုင်ငံများဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိန်းကလဲဗားလီ (James Cleverly) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဗြိတိန်စစ်ဘက်သည် ပိုလန် နိုင်ငံနှင့် မဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းရန် ၎င်း၏တိုက်လေယာဉ်များအား ပိုလန် နိုင်ငံတွင် တပ်ဖြန့်ချထားလျက်ရှိပါသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ တွင်လည်း ဗြိတိန်နှင့် ပိုလန်နိုင်ငံတို့သည် ၎င်းတို့၏လက်နက်ကိုင်တပ်ဖွဲ့များအတွက် ခေတ်မီဆန်းသစ်သော စစ်လက်နက်များ ပူးတွဲထုတ်လုပ်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များဆိုင်ရာ သဘောတူညီချက် (Air Defence Weapons Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment