Federal Times;Jul-19(Wed)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ် များရောင်းချပေးရန် ထောက်ခံခဲ့သော်လည်း အဆိုပါတိုက်လေယာဉ်များ ရောင်းချပေး နိုင်ရေးအတွက် တူကီယဲနိုင်ငံအပေါ် ကာလကြာရှည်စွာပိတ်ပင်ထားသည့် ကန့်သတ်ချက်များ ရုပ်သိမ်းပေးရေးကိုမူ အမေရိကန်အထက်လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဘော့မန်နန်ဒက်ဇ် (Bob Menendez) က ငြင်းပယ်ခဲ့ကြောင်း Federal Times သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ဆွီဒင်နိုင်ငံအား NATO အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခွင့်ကို သဘောတူညီခဲ့ပြီးနောက် အမေရိကန်သမ္မတက တူကီယဲ နိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချပေးရေးကို ထောက်ခံခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချပေးမည့်အစီအစဉ်သည် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိပြီး F-16 တိုက်လေယာဉ် အဆင့်မြှင့်တင်ခြင်းများအတွက် ဆက်စပ်ပစ္စည်းအမျိုးအစားပေါင်း ၈၀ ပါဝင်ကြောင်း ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။
ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း သည် သာမန်လုပ်ငန်းစဉ်တစ်ခုသာဖြစ်သင့်ကြောင်းနှင့် F-16 တိုက်လေယာဉ်များ ရောင်းချပေးရေးအပေါ် လွှမ်းမိုးမှုမရှိသင့်ကြောင်း ဘော့မန်နန်ဒက်ဇ်က ပြောကြားခဲ့ပါသည်။ ဘော့မန်နန်ဒက်ဇ်သည် တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချပေးခြင်းကို ကန့်ကွက်လျက်ရှိသော်လည်း တူကီယဲနိုင်ငံအတွင်း လက်ရှိအသုံးပြုလျက်ရှိသော F-16 တိုက်လေယာဉ်အုပ်စုများအတွက် အမေရိကန်ဒေါ်လာ ၂၅၉ သန်းတန်ဖိုးရှိ လေယာဉ် ပုံစံထုတ်လုပ်မှုနည်းပညာ Software အဆင့်မြှင့်တင်ခြင်းများကို ပြီးခဲ့သည့်ဧပြီလတွင် ရောင်းချပေးရန် သဘောတူညီခဲ့ပါသည်။ မကြာသေးမီနှစ်များအတွင်း တူကီယဲသည် ဂရိ နိုင်ငံဝေဟင်ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် ဆီးရီးယား နိုင်ငံမြောက်ပိုင်းရှိ အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ်အဖွဲ့အစည်းများအပေါ် F-16 တိုက်လေယာဉ်များအသုံးပြု၍ တိုက်ခိုက်ခဲ့မှုများလုပ်ဆောင်ခဲ့ကြောင်း သတင်း ဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment