Aljazeera; Jul-8(Sat)
ယူကရိန်းနိုင်ငံ၏ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်ဖြစ်မြောက်ရေး မျှော်မှန်းချက်ကို အားပေးထောက်ခံ သည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၈ ရက်တွင် ပြောကြားခဲ့ကြောင်း Aljazeera သတင်းဌာနက ဖော်ပြထား ပါသည်။ ဇူလိုင်လ ၇ ရက်တွင် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) နှင့် သမ္မတ အာဒိုဂန်တို့၏ တွေ့ဆုံဆွေးနွေးပြီးနောက် အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း အာဒိုဂန်က ရက်ပေါင်း ၅၀၀ ကျော်ကြာမြင့်နေပြီဖြစ်သော ရုရှား- ယူကရိန်းပဋိပက္ခများကို အဆုံးသတ်နိုင်ရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ပြန်လည် ပြုလုပ်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် (Vilnius) ၌ ဇူလိုင်လ ၁၁ ရက်တွင် စတင်ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ အာဒိုဂန်၏ ထောက်ခံမှုကို ကျေးဇူးတင်ရှိကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါသည်။ ယခုသီတင်းပတ်အတွင်း ဇီလန်စကီးသည် ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနှင့် ဘူဂေးရီးယားနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့ ပါသည်။ ၎င်းတို့နှစ်ဦးသည် ပင်လယ်နက်ဒေသကောက်ပဲသီးနှံတင်ပို့ပေးဆိုင်ရာ သဘော တူညီချက် သက်တမ်းတိုးရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ လာမည့် ဩဂုတ်လအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်သွားမည်ဟု အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment