Anadolu Agency; Aug-17(Thur)
ဘောလ်တစ် ၃ နိုင်ငံဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေး နီးယားတို့သည် ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဝင်ပေါက်အားလုံးကို လုံးဝ ပိတ်သိမ်းမည့်အဆိုပြုချက်အား ပိုလန်နိုင်ငံနှင့် ဆွေးနွေးခဲ့ကြောင်း လစ်သူရေးနီးယား နိုင်ငံပိုင် LRT သတင်းဌာနက ဩဂုတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါကိစ္စရပ် အား ပိုလန်နိုင်ငံ၊ မြို့တော် ဝါဆော၌ ဩဂုတ်လ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲအတွင်း အပြီးသတ်ဆုံးဖြတ်ချက်ချမည်ဟု မျှော်လင့်ရကြောင်း လစ်သူရေးနီးယား ပြည်ထဲရေးဝန်ကြီး အဂ္ဂနီဘိုင်လိုတိတ် (Agne Bilotaite) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ LRT သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ ၄ နိုင်ငံ၏ အဓိကရည်မှန်းချက် သည် နယ်စပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အရေအတွက်ကို အများအပြားချထားရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ယခုဆွေးနွေးပွဲသည် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက္ခကို ဆန့်ကျင်သည့်လုပ်ဆောင်မှုဖြစ်ပြီး အဆိုပါ ၄ နိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်ခဲ့သော စစ်ရေးပဋိပက္ခအတွင်း ယူကရိန်းနိုင်ငံအား ထောက်ခံအားပေးလျက်ရှိသည့် NATO အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ပါသည်။ ဘီလာရုဇ် နိုင်ငံတွင် ရုရှားစစ်ဘက်အထောက်အကူပြု Wagner တပ်ဖွဲ့ရှိနေခြင်းနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှုများတိုးလာခြင်းကြောင့် ပိုလန်၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့သည် ဘီလာရုဇ်နှင့် နယ်နိမိတ်လုံခြုံရေးကို အားကောင်းစေမည့် အစီအမံများအား မကြာသေးမီက ကြေညာခဲ့ပါသည်။ ထို့ပြင် လစ်သူရေးနီးယားအစိုးရ သည် ဘီလာရုဇ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော Tverecius နှင့် Sumskas နယ်စပ်ဖြတ်ကျော်ဂိတ်များအား ဩဂုတ်လ ၁၈ ရက်မှ စတင်ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သို့သော် ကျန်ရှိသည့် နယ်စပ်စစ်ဆေးရေးဂိတ် ၄ ခုဖြစ်သော Medininkai ၊ Lavoriskes ၊ Raigardas နှင့် Salcininkai တို့ကို လက်ရှိအချိန်အထိ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment