Anadolu Agency; Sep-13(Wed)
ဥရောပကော်မရှင် (European Commission) ၏ ညွှန်ကြားချက်များအရ ဘောလ်တစ် ဒေသသုံးနိုင်ငံဖြစ်သော အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံ တို့သည် ရုရှားလိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားသည့်ယာဉ်များကို ၎င်းတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် စက်တင်ဘာလ ၁၃ ရက်တွင် တားမြစ်ချက်များ ပူးတွဲထုတ်ပြန် ခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိတွင် ရုရှားနိုင်ငံသားများအနေဖြင့် တရားဝင်ခရီးသွား စာရွက်စာတမ်းများဖြင့် ၎င်းနိုင်ငံများ၏နယ်စပ်ကို ဘတ်စ်ကား၊ သို့မဟုတ် ခြေလျင်ဖြင့်သာ ဖြတ်ကျော်သွားနိုင်မည်ဖြစ်ကြောင်း လစ်သူရေးနီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျိုဗီတာ နယ်လီအပ်ဆင်း (Jovita Neliupsiene) က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ သို့သော်လည်း ဘောလ်တစ်ပင်လယ်ကမ်းရိုးတန်းဒေသတွင်တည်ရှိသည့် ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံအကြားရှိ ကာလီနင်ဂရက် (Kaliningrad) ဒေသသို့ သွားရောက်သည့် ယာဉ်များသည် အဆိုပါတားမြစ်ချက်မှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း နယ်လီအပ်ဆင်းက ထပ်လောင်းပြောကြားထားပါသည်။
ရုရှားလိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားသောယာဉ်များနှင့်ပတ်သက်၍ ဥရောပ ကော်မရှင်၏ညွှန်ကြားချက်များသည် အက်စတိုးနီးယား၏ နိုင်ငံခြားရေးမူဝါဒ၊ အကျိုးစီးပွားများ၊ ပိတ်ဆို့အရေးယူမှုမူဝါဒများနှင့် ကိုက်ညီမှုရှိကြောင်း အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး မားဂတ်စ်ဆက်ချ်နာ (Magus Tsahkna) က ပြောကြားထားပါသည်။ ထို့ပြင် ဆက်ချ်နာသည် အထက်ပါကိစ္စရပ်ကို ဦးစွာလုပ်ဆောင်သွားမည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆွေးနွေးမှုများဆောင်ရွက်သွားမည်ဟု မှတ်ချက်ပြု ပြောကြားထားပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်တွင် အဆိုပါတားမြစ်ချက်များပြုလုပ်ရန် ဥရောပကော်မရှင်က ဘောလ်တစ်ဒေသသုံးနိုင်ငံကို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းတားမြစ်ပိတ်ပင်မှုသည် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment