Sunday, January 26, 2020

တူရကီနှင့် အယ်လ်ဂျီးရီးယားတို့သည် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် သဘောတူညီမှုရရှိခဲ့ခြင်း

 


Xinhua; Jan-27(Mon)

              တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အယ်လ်ဂျီးရီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် အယ်လ်ဂျီးရီးယားသမ္မတ အဘ်ဒယ်မတ်ဂျစ်တီဘုန်း (Abdelmadjid Tebboune) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးအား မဟာဗျူဟာ အဆင့်သို့ တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြပါသည်။ သမ္မတ အာဒိုဂန်သည် အယ်လ်ဂျီးရီးယားနိုင်ငံသို့ ဇန်နဝါရီလ ၂၆ ရက်တွင် အလည်အပတ်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါတွေ့ဆုံမှု၌ လစ်ဗျားအရေးကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် တွေ့ဆုံဆွေးနွေးမှုအပြီး ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့အနေဖြင့် နှစ်နိုင်ငံအကြား အဆင့်မြင့်ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (High-level cooperation council) အား တည်ထောင်ရန် အတွက် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သမ္မတနှစ်ဦးက ထုတ်ဖော်ပြောကြား ခဲ့ပါသည်။

              အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အယ်လ်ဂျီးရီးယားသမ္မတ တီဘုန်းက တူရကီသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် အခြေခံသည့် စီးပွားရေးအင်အားကောင်းမွန်သော နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အယ်လ်ဂျီး ရီးယားအနေဖြင့် တူရကီနှင့် မိတ်ဖက်ဆက်ဆံရေးအား ပိုမိုအဆင့်မြှင့်တင်၍ ကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှု ကိုလည်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် မြှင့်တင်ရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်ကမူ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံအကြားပြုလုပ်မည့် ထိပ်တန်းအဆင့် ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ပထမအကြိမ်အစည်းအဝေးအား တူရကီနိုင်ငံ၌ မကြာမီကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment