Tuesday, January 14, 2020

ခါလီဖာဟတ်ဖ်တာအနေဖြင့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက အရေးယူဆောင်ရွက်သွားရန်အသင့်ရှိကြောင်း တူရကီသမ္မတက ပြောကြားခဲ့ခြင်း

 


CGTN; Jan-15(Wed)

              ဗိုလ်ချုပ်ကြီး ခါလီဖာဟတ်ဖ်တာ (Khalifa Haftar) ၏ လစ်ဗျားအရှေ့ပိုင်း အခြေစိုက်တပ်ဖွဲ့အနေဖြင့် လစ်ဗျားနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြုအစိုးရအဖွဲ့ အပေါ် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက အရေးယူဆောင်ရွက်သွား ရန်အသင့်ရှိကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီလ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံရှိ ပြည်သူများအား ကာကွယ်သွားရန် တာဝန်ရှိကြောင်းနှင့် တူရကီနိုင်ငံသည် လစ်ဗျားနိုင်ငံနှင့် သမိုင်းကြောင်း အရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း ခိုင်မာသည့်ဆက်နွှယ်မှုများရှိကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့် လစ်ဗျားအရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက ခါလီဖာဟတ်ဖ်တာသည် လစ်ဗျားနိုင်ငံတစ်နိုင်ငံလုံး အား သိမ်းပိုက်သွားလိမ့်မည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံတွင် ဇန်နဝါရီလ ၁၉ ရက်၌ ပြုလုပ်မည့် လစ်ဗျားအရေးကိစ္စဆိုင်ရာဆွေးနွေးပွဲတွင် ဂျာမနီ၊ ဗြိတိန်၊ ရုရှားနိုင်ငံတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထရီပိုလီအခြေစိုက်အစိုးရအဖွဲ့ခေါင်းဆောင် ဖာယက်အယ်လ်ဆာရက်ဂျ် (Fayez AL-Serraj) သည် ခါလီဖာဟတ်ဖ်တာနှင့် ၉ လကြာဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ အဆုံးသတ်စေရန်အတွက် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့သော်လည်း ခါလီဖာဟတ်ဖ်တာ ကမူ လက်မှတ်ရေးထိုးခြင်းမရှိဘဲ မော်စကိုမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment