Tuesday, January 14, 2020

ချက်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနိုင်ငံသို့ အလည်အပတ်သွားရောက်လျက်ရှိခြင်း

 


MEA; Jan-14(Tue)

              ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး သောမက်စ်ပက်ထရီစက် (Tomas Petricek) သည် အိန္ဒိယနိုင်ငံတွင် လက်ခံကျင်းပမည့် (၅)ကြိမ်မြောက် Raisina ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၁၃ ရက်မှ ၁၆ ရက်အထိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိလျက်ရှိပါသည်။ ၎င်း၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မာတီနာတူဘီရိုဗာ (Martina Tauberova) နှင့် အခြားစီးပွားရေးကိုယ်စားလှယ်များလည်း လိုက်ပါခဲ့ကြပါသည်။ ထို့ပြင် ချက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရီစက်သည် ဇန်နဝါရီလ ၁၄ ရက်တွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဆူဘရာဟမ်ယမ်ဂျီရှန်ကာ (Dr.Subrahmanyam Jaishankar) နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံအပြန်အလှန် အကျိုးစီးပွားဖလှယ်ရေးကိစ္စ၊ မော်တော်ကား၊ သိပ္ပံနှင့်နည်းပညာ၊ သတင်းအချက် အလက်နည်းပညာ၊ ဆိုက်ဘာ၊ စွမ်းအင်ကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍတို့၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

              ထို့ပြင် ချက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရီစက်သည် ဇန်နဝါရီလ ၁၄ ရက်တွင် အိန္ဒိယအရပ်ဘက်လေကြောင်းဝန်ကြီးဌာနဆိုင်ရာ ပြည်နယ်ဝန်ကြီး ဟာဒိဆင်းပူရီ (Hardeep Singh Puri) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ပက်ထရီစက်သည် ဇန်နဝါရီလ ၁၅ ရက်တွင် ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်း (Rajnath Singh) ၊ ကုန်သွယ်ရေး နှင့်စက်မှုဝန်ကြီး ပီယုရှ်ဂွိုင်ယယ် (Piyush Goyal) တို့နှင့်လည်း ဆွေးနွေးသွားရန် အစီအစဉ်ရှိပါသည်။ အိန္ဒိယနှင့် ချက်သမ္မတနိုင်ငံတို့အနေဖြင့် ကောင်းမွန်သည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထူထောင်ထားကြပြီး အိန္ဒိယသမ္မတသည် ချက်သမ္မတနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင်လည်းကောင်း၊ ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်သည် အိန္ဒိယသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင်လည်းကောင်း အပြန်အလှန်သွားရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment