Sunday, May 17, 2020

ရုရှားစစ်ဘက် ပါရဂူများသည် ဆားဘီးယားမှ ပြန်လည်ရောက်ရှိလာခဲ့ခြင်း


TASS; May-17(Sun)
              ရုရှားတပ်မတော်မှ စစ်ဘက်ပါရဂူများသည် ဆားဘီးယားနိုင်ငံတွင်  ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးအထူးတာဝန်တစ်ရပ်အား ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် Il-76 သယ်ယူပို့ဆောင်ရေးလေယာဉ် ၄ စင်းဖြင့်  ရုရှားနိုင်ငံ၏မြို့တော် မော်စကိုအနီးရှိ ချက်ကာလော့ဗ်စကီ (Chkalovsky) လေတပ်အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာ ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁၇ ရက်တွင်  ပြောကြားခဲ့ပါသည်။ အဆိုပါစစ်ဘက် တပ်ဖွဲ့ဝင်များသည် ဆေးစစ်မှုများကို ခံယူသွားရမည်ဖြစ်ပြီး အပူချိန် တိုင်းတာမှုများ ပြုလုပ်သွားရမည်ဖြစ်ပါသည်။ စစ်ဘက်တပ်ဖွဲ့ဝင် ၂၀ ဦးအပါအဝင် အထူးဆေးဘက်သုံးပစ္စည်း ၅ မျိုး သယ်ဆောင်လာသည့် အဆိုပါလေယာဉ်များသည် မေလ ၁၇ ရက်တွင် ဆားဘီးယားနိုင်ငံမှ ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်း၌ သတင်းထုတ်ပြန်ထားပါသည်။
              ရုရှားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အကူအညီ များ ပေးအပ်သွားရန် ဆားဘီးယားနိုင်ငံက  တောင်းဆိုခဲ့သည့်အတွက် ရုရှားလေတပ်မှ လေယာဉ်များဖြင့် စစ်ဘက်သုံးမော်တော်ယာဉ်များ၊ ဆေးဘက်ဆိုင်ရာကာကွယ်ရေး ပစ္စည်းများ၊ အထူးဆေးဘက်သုံးပစ္စည်းများ၊ ရောဂါပိုးမွှားဗေဒပညာရှင်များ၊ ဓာတ်ရောင်ခြည်၊ ဓာတုဗေဒနှင့် ဇီဝဗေဒကာကွယ်ရေးပါရဂူများအပါအဝင် စစ်ဘက်ဆရာဝန်များအား ဆားဘီးယားနိုင်ငံသို့ဧပြီလ ၃ ရက်နှင့် ၄ ရက်တို့တွင် ပို့ဆောင်ခဲ့ပါသည်။ ရုရှားစစ်ဘက် ဆရာဝန်များသည် ဆားဘီးယားနိုင်ငံအတွင်း အမြန်လမ်းပိုင်း ၆၉ ခု၊ စတုရန်းမီတာ ၁.၆ သန်း ကျော်ရှိသည့် နယ်မြေအတွင်းမှ အဆောက်အအုံ ၃၆၇ လုံး အပါအဝင် မြို့ပေါင်း ၃၇ မြို့ရှိ အဆောက်အအုံ ၁၇၈ ခုကို ပိုးသတ်ဆေးဖြန်မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ရုရှား စစ်ဘက်ဆရာဝန်များသည် ဆားဘီးယားလူနာ ၈၀၀ ကျော်ကိုလည်း ဆေးစစ်မှုနှင့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
          ဆားဘီးယားနိုင်ငံအနေဖြင့် ယခင်ယူဂိုဆလားဗီးယားပြည်ထောင်စုလက်ထက် အတွင်းကပင် ဆိုဗီယက်ပြည်ထောင်စုနှင့် ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးများရှိခဲ့ပြီး ယူဂိုဆလားဗီးယားပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်းတွင်လည်း ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ၂၀၀၈ ခုနှစ်တွင် ကိုဆိုဗိုဒေသသည် ဆားဘီးယားနိုင်ငံအတွင်းမှခွဲထွက်၍ သီးခြားလွတ်လပ်သော နိုင်ငံတစ်ခုအဖြစ်ကြေညာရန် ကြိုးစားခဲ့မှုတွင်လည်း ရုရှားနိုင်ငံသည် ဆားဘီးယား နိုင်ငံဘက်မှရပ်တည်ခဲ့ပြီး ကိုဆိုဗို၏ခွဲထွက်မှုအပေါ် ယနေ့အချိန်အထိ အသိအမှတ် ပြုခဲ့ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင်လည်း ဆားဘီးယားနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကာ ရုရှား နိုင်ငံထံမှ တိုက်လေယာဉ်များနှင့် Pantsir-S အမျိုးအစား လေကြောင်းရန်ကာကွယ်ရေး စနစ်များဝယ်ယူနိုင်ခဲ့သည်အထိ ဆက်ဆံရေးကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရပါ သည်။ မေလ ၁၈ ရက် ထုတ်ပြန်ချက်များအရ ဆားဘီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၁၀,၆၁၀ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၄၇ ဦးနှင့် သေဆုံးသူ ၂၃၀ ဦးရှိကြောင်း သိရှိရပါသည်။ လက်ရှိကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်ကာလ တွင်လည်း ရုရှားနိုင်ငံသည် စစ်ဘက်သုံးမော်တော်ယာဉ်များ၊ ကာကွယ်ရေးပစ္စည်းများ၊ အထူးဆေးဘက်သုံးပစ္စည်းများ၊ ရောဂါပိုးမွှားဗေဒပညာရှင်များ၊ ဓာတ်ရောင်ခြည်၊ ဓာတုဗေဒနှင့် ဇီဝဗေဒကာကွယ်ရေး ပါရဂူများအပါအဝင် စစ်ဘက်ဆရာဝန်များအား ဆားဘီးယားနိုင်ငံသို့ဧပြီလ ၃ ရက်နှင့် ၄ ရက်တို့တွင် ပို့ဆောင်ခဲ့သည်ကို တွေ့ရှိရပါ သည်။ ရုရှားစစ်ဘက်ဆရာဝန်များအနေဖြင့် ဆားဘီးယားနိုင်ငံအတွင်း အဆောက်အအုံ ၃၆၇ ခုအပါအဝင် မြို့ပေါင်း ၃၇ မြို့ရှိ အဆောက်အအုံ ၁၇၈ ခုကို ပိုးသတ်မှုများ ပြုလုပ်ခဲ့ပြီး  ဗိုင်းရပ်စ်လူနာ ၈၀၀ ကျော်ကိုလည်း ဆေးစစ်မှုနှင့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံနှင့် ဆားဘီးယားနိုင်ငံတို့ သည် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကို ဆက်လက်ကောင်းမွန်အောင် ထိန်းသိမ်းသွားနိုင်ကြောင်းနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်လုပ်ဆောင်သွားဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment