Wednesday, May 20, 2020

ရိုမေးနီးယားနိုင်ငံသည် ခရီးသွားလာမှုကန့်သတ်ချက် ဖြေလျှော့ပေးရေးအစီအစဉ် နှင့်ပတ်သက်၍ သဘောမတူခဲ့ခြင်း


Xinhua; May-20 (Wed)
          ရိုမေးနီးယား၊ ဂရိ၊ ဘူလ်ဂေးရီးယားနှင့် ဆားဘီးယားနိုင်ငံတို့သည် ၎င်းတို့ နိုင်ငံများအကြား လွတ်လပ်စွာခရီးသွားလာနိုင်ရေးအတွက်  အစည်းအဝေးတစ်ခုအား မေလ ၁၉ ရက်တွင် ဗွီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေး တွင် ၎င်းတို့ ၄ နိုင်ငံအကြား ခရီးသွားလာမှုကန့်သတ်ချက်များ ဖြေလျှော့ပေးရေး အစီအစဉ်အားဆွေးနွေးခဲ့ရာ ရိုမေးနီးယားနိုင်ငံက ၎င်းကိစ္စနှင့်ပတ်သက်၍  သဘောမတူ ကြောင်း ရိုမေးနီးယားစီးပွားရေးဝန်ကြီး ဗာဂျီပိုပီဆူ (Virgil Popescu) က အစည်းအဝေး ပြီးနောက် ပြောကြားခဲ့ပါသည်။ ရိုမေးနီးယားနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း၌ ပြည်တွင်းခရီးသွားလာမှုနှင့် လက်ရှိဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ အပေါ်တွင်သာ အာရုံစိုက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ ပါသည်။
          မေလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မှသာ လာမည့် ဇွန်လတွင် ခရီးသွားလာမှုဆိုင်ရာကန့်သတ်မှုများအား ချင့်ချိန်ဖြေလျှော့ပေးသွားမည် ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုထပ်မံဖြစ်ပွားပါက ကန့်သတ်မှုများကို ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်း ပိုပီဆူက ပြောကြားခဲ့ပါသည်။ ရိုမေးနီးယားနိုင်ငံမှအပ ကျန် ၃ နိုင်ငံသည် ဇွန်လ ၁ ရက်မှစ၍ စောင့်ကြည့် ၁၄ ရက်ပြုလုပ်သွားရန် မလိုအပ်ဘဲ ခရီးသွားလာနိုင်ရေးသဘောတူခဲ့ကြပါသည်။ အထက်ပါ ၄ နိုင်ငံ၏ဗီဒီယိုကွန်ဖရင့်အား ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနှင့် ဂရိနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် ဆားဘီးယားသမ္မတ တို့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများမှ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေးနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment